———————————————
တော်လှန်ရေးအဖွဲ့စည်းများ ဒေသခံများအကြားရောနှောနေထိုင်ခြင်းမလုပ်ဖို့ သျှမ်းအရပ်ဘက်အဖွဲ့အစည်းများတောင်းဆို

ဇန်နဝါရီလ ၂၉ ၊ ကျောက်မဲ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ ဒေသခံလူထုများအကြားရောနှောနေထိုင်ကြတာတွေ မပြုလုပ်ကြဖို့ သျှမ်းအရပ်ဘက်အဖွဲ့အစည်း (၈)ဖွဲ့က ယမန်နေ့ ဇန်နဝါရီ(၂၈)ရက်နေ့မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီကတပ်ဖွဲ့တွေက လေကြောင်းကနေ တိုက်ခိုက်ခြင်းနဲ့ လက်နက်ကြီးပစ်ခတ်ခြင်းတွေ ဟာ တော်လှန်ရေးတပ်ဖွဲ့များခိုလှုံရာ ဒေသခံများရဲ့အဆောက်အဦးများ၊ ပြည်သူ့ဆေးရုံများစတဲ့နေရာတွေအပြင် နေရာအနှံ့အပြားကို တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ဆိုထားပါတယ်။
ယခု ဇန်နဝါရီ(၂၅)ရက်နေ့က ကျောက်မဲမြို့၊ပြည်သူ့ဆေးရုံကို စစ်ကောင်စီမှလေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် (၃)ဦးသေဆုံးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနဲ့ အရပ်သားဒေသခံအများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ (၂၇)ရက်နေ့ကလည်း ကျောက်မဲမြို့ထဲမှာပဲ တစ်ရက်တည်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှု(၂)ကြိမ်ရှိခဲ့ပြီး အရပ်သား(၁)ဦးသေဆုံးကာ (၂)ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရကာ (၃)ရက်အတွင်းမှာ အရပ်သား(၃)ဦးသေဆုံးခဲ့တာကို တွေ့ရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ် ၊ ကျောက်မဲ ၊ နောင်ချိုမြို့တွေကို စစ်ကောင်စီက ဇန်နဝါရီလထဲမှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၁၀ နီးပါးသေဆုံးခဲ့သလို ၄၀ ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပြည်သူ့ဆေးရုံ ၊ ထွေအုပ် ၊ မီးသတ် ရုံးအဆောက်အဦးများ ၊ အရပ်သားပြည်သူများ၏ နေအိမ်တွေ နှင့် စျေးဆိုင်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
အခုလိုစစ်ကောင်စီတပ်ဖွဲ့များရဲ့လုပ်ရပ်များအတွက်ကို သျှမ်းအရပ်ဘက်အဖွဲ့အစည်းများက အပြင်းအထန်ရူံ့ချထားသလို သျှမ်းပြည်အတွင်းက သျှမ်းတပ်မတော်များ၊ သျှမ်းနိုင်ငံရေးအဖွဲ့အစည်းများ နဲ့ နိုင်ငံရေးပါတီများတို့ကိုလည်း အရပ်သားများရဲ့ လုံခြုံရေးမှာ ပါဝင်ကူညီစောင့်ရှောက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။