

နိုဝင်ဘာ ၁၄ ၊ ဖားကန့်
ဖားကန့်မြို့နယ် မှော်စီဇာကျေးရွာအတွင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားနဲ့ နေအိမ်တချို့ထိခိုက်မှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ မှော်စီဇာမှာက မနေ့ကအထိ အခြေအနေဆိုးနေတာ၊ အခုမှနည်းနည်းငြိမ်တာ ၊ လေယာဉ်တွေနဲ့လာကြဲတာရော၊လက်နက်ကြီးကျတာတွေရာ၊ လက်နက်ကြီးဆို ငါတို့အိမ်ရှေ့ ဘုရားကုန်းပေါ်မှာကျတာ” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် မှော်စီဇာတောင်ပေါ်ကျောင်းဝင်းနဲ့ ကျောင်းတိုက်အတွင်းပိုင်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းကို စစ်တပ်ရဲ့ စစ်ကြောင်းအသစ်ဝင်ရောက်လာပြီးတဲ့နောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလာနေတာပါ။
နိုဝင်ဘာလ ၈ ရက်နေ့မှာ စစ်ကြောင်းတွေက ဖားကန့်မြို့နယ်ထဲကိုရောက်ရှိလာပြီး မှော်စီဇာကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာလို့ ဆိုပါတယ်။
စစ်တပ်ရဲ့စစ်ကြောင်းတွေကို မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရောက်ရှိလာချိန်မှ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုတွေရှိလာခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲတွေကြောင့် အရပ်သား သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးလည်းပါဝင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ မနက်ရောညရော၊ ဟိုနေ့ကလည်းလမ်းမှာစစ်ကြောင်းဖြတ်လို့ လက်နက်ကြီးတွေနဲ့ပစ်တာ။ ကိုယ်ဝန်သည်အစ်မတစ်ယောက် သေတာ၊ မှော်စီဇာလမ်းမကြီးပေါ်မှာ” လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
မှော်စီဇာကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေမြင့်တက်နေသလို ကျေးရွာအတွင်းမှာ ကျောက်စိမ်းတူးဖော်ဖို့ပြင်ဆင်မှုတွေရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားလာတာ ၇ နီးပါးကြာမြင့်လာနေသလို ကျောက်စိမ်းတူးဖော်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေဆဲအခြေအနေဖြစ်တယ်လို့သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ဝှေခါ ၊ တာမခံ ၊ ဆိပ်မူ စတဲ့ ကျေးရွာအုပ်စုတွေကို KIA+PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး စစ်တပ်က မှော်စီဇာကနေ ဖားကန့်မြို့အထိ ကျေးရွာတွေကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။
