ယင်းမာပင်(PDF)တပ်ဖွဲ့တွေရဲ့စိတ်ကြွဆေးပြား (၃)သန်းခန့်နဲ့ဘိန်းဖြူအများအပြားကိုချင်းပြည်ကာကွယ်ရေးတပ်ကဖမ်းမိခဲ့

ဇူလိုင်၁၀၊ ယင်းမာပင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းက NUG လက်အောက်ခံ  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အဖွဲ့ဝင်တို့ သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ်ဆေးပြား(၃)သန်းခန့်နဲ့ ဘိန်းဖြူ(၁၁၀)ကီလိုဂရမ်ခန့်တို့ကို ဟားခါးမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၈)ရက်နေ့က ချင်းပြည်ကာကွယ်ရေးတပ် Chinland Defense Force- Hakha အဖွဲ့က အခုလိုဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ရုပ်သံနဲ့တကွ ဒီနေ့ ဇူလိုင်(၁၀)ရက်နေ့မှာထုတ်ပြန်လာတာပါ။ 

ယင်းမာပင်ခရိုင်(၁၅)တပ်ရင်းရဲ့ ရဲဘော် (၃)ဦးအပါအဝင် ကားမောင်းသူနဲ့ စပယ်ယာ (၁)ဦးတို့ စုစုပေါင်း(၅)ဦးကို အဆိုပါမူးယစ်ဆေးတို့နှင်အတူ ဖမ်းဆီးတွေ့ရှိခဲ့တာဖြစ်ကြောင်း ၎င်းတို့ချင်းတပ်ဖွဲ့က ပြောထားပါတယ်။

“ လက်နက်ကိုင်တပ်ဖွဲ့အဖွဲ့အစည်းပိုင်တဲ့ မူးယစ်ဆေးတွေဟုတ်တယ် အခုအခေါက်နဲ့ဆို မူးယစ်ဆေးသယ်တာ (၄)ခေါက်မြောက်ပါ’ဟု ဖမ်းဆီးရမိတဲ့ ဗီဒီယိုဖိုင်မှတ်တမ်းမှာ  ယာဉ်မောင်းသူနဲ့ တပ်သားတစ်ဦးက ဝန်ခံဖြေဆိုထားတာပါ။

ဒီစိတ်ကြွဆေးနဲ့ ဘိန်းဖြူတို့ကို ဆားလင်းကြီးမြို့နယ် ငွေသာရွာမှ ကားနှစ်စီးဖြင့် သယ်ဆောင်လာကာ ဖလမ်းမြို့နယ်ကို သွားရောက်ပို့ဆောင်ရန်ဖြစ်ကြောင်း သိရပါတယ်။

ဒီလိုဖမ်းဆီးမှုတွေနဲ့ပတ်သက်ပြီး ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

စစ်ကိုင်းတိုင်းဒေသကြီးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ စိုးမိုးနယ်မြေအများဆုံးရှိနေတဲ့ တိုင်းတစ်ခုလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းမှာ မူးယစ်ဆေးဝါး အမြောက်အများဖမ်းဆီးမှုတွေရှိလာနေပြီး မူးယစ်ဆေးဝါးတွေကို အိန္ဒိယနိုင်ငံ အာသံပြည်နယ်နဲ့ မီဇိုရမ်ပြည်နယ်မှာ လည်း စစ်ကိုင်းတိုင်းကနေ သွားတဲ့မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိနေကြောင်း သတင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *