



ဧပြီ ၁၈ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် မိုင်းကိုင်း ( မၫꩫ်ႍကၫင်း ) ကျေးရွာအုပ်စု နမ့်တောစံပြကျေးရွာရှိ ရွာမ ကျောင်းကို သံဃာတော်တွေအပါအဝင် ကျေးရွာအုပ်စုအတွင်းက ရွာသူ/သားတွေ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ( ဧပြီ ၁၇ ) ရက်နေ့မှာ ကျောင်းတက်ကန်တော့လာကြပါတယ်။
ယနေ့ ဧပြီလ(၁၈)ရက်နေ့ မြန်မာနှစ်ဆန်း(၂)ရက်နေ့ နောင်ခမ်း(ꩫွင်ꩼၷမ်း)ကျေးရွာ ၊ နှစ်ဆန်း (၃)ရက်နေ့မှာ မန်မော်-ပုနွဲ(မၫꩫ်ႍမႂꧥ-ပꩫွႆး)ကျေးရွာ ၊ နှစ်ဆန်းလေးရက်နေ့မှာ မန်တင်(မၫꩫ်ႍတꧥꩫ်) နှင့် နှစ်ဆန်း(၅) ရက်နေ့မှာ သက္ကယ်တောင်ရွာ စတဲ့ ကျေးရွာအုပ်စုအတွင်းက ဆရာတော်ကြီးတွေကို စုပေါင်းကျောင်းတက် ကန်တော့ကြတာလည်းဖြစ်ပါတယ်။
ရှမ်းနီတိုင်းရင်းသားတွေဟာ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစလို ကျောင်းတက် ၊ ဆရာကန်တော့ပွဲကို ကျေးရွာသူ/သားများ၊ သံဃာတော်များက ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။
ကျောင်းတက်ဆရာကန်တော့တဲ့ အစဉ်လာဟာ သင်္ကြန်နှင့် သီတင်းကျွတ် ရာသီနှစ်ခုမှာ ပုံမှန်ကျင်းပကြပြီး အလှည့်ကျကျင်းပတာဖြစ်ပါတယ်။
ဒီကန်တော့ပွဲမှာ ဝေးကွာနေတဲ့ ဆွေမျိုးတွေကို ဆွမ်းဆန်ပို့ခြင်း၊ ပေါက်ပေါက်ပို့တာ ၊ သက်ကြီးမိဘများကို ပူဇော်ကန်တော့ခြင်း၊ ဒေသတွင်း သတင်းစကားများဖလှယ်ခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ အဆုံးသတ်မှာ ဆရာတော်သံဃာများရဲ့ တရားဒေသနာတော်နှင့် ဩဝါဒ ခံယူခြင်း စသည့်အစဉ်လာများပြုလုပ်ကြတာလည်းဖြစ်ပါတယ်။
“ ငါတို့ဆီမှာတော့ ဒီသင်္ကြန်က တစ်လနီးနီးလောက် ကျောင်းတက်ဆရာကန်တော့ပွဲတွေပဲ ဆက်တိုက်။ ဒါက ရိုးရာ အစဉ်လာမပြတ်ပဲ။ နမ့်တောနှင့်မိုင်းကိုင်း၊ နောင်ခမ်း၊ မန်မော်နှင့်ပုနွဲ၊ မန်တင်၊ သက္ကယ်တောင်နှင့် ကြို့ပင်ဘုရားကုန်း၊ နောင်သဲနှင့် နောင်ခဲ နောင်မိုး၊ အားလုံးပြီးမှ ဒီနမ့်တောထဲမှာပဲ ရွာဦးကျောင်းမှာ အဆုံးလာသတ်တာ။ နှစ်ရွာ-သုံးရွာ ကို အတွဲလိုက်-အတွဲလိုက် အလှည့်ကျလုပ်လာကြတာ။”လို့ သက္ကယ်တောင် ကျေးရွာသူ တစ်ဦးက ပြောပြပါတယ်။
မြို့နယ်တွင်းမှာပဲ KIA+PDF များထိန်းချုပ်တဲ့ ဒေသတွေမှာတော့ စစ်ရေးနှင့် လုံခြုံရေးအခြေနေများအရ ကျောင်းတက်ဆရာကန်တော့တဲ့ ရိုးရာအစဉ်လာကို ထိန်းသိမ်းမှာ အားနည်းလာနေတယ်လို့ ဒေသခံအချို့က ဆိုကြပါတယ်။
ဘာသာရေးနှင့် လူမှုရေးအစဉ်လာအဖြစ် ကျောင်းတက်ဆရာကန်တော့ပွဲတွေကို ပင်လည်ဘူးမြို့နယ်က ထမံ/မောက်လပ်ဒေသအပါဝင် မြို့နယ်အနှံ့ပြား ကျင်းပလာခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ် ကိုဗစ်ရောဂါ ပျံ့နှံ့လာချိန်မှစပြီး ၎င်းဓလေ့ ကျင့်သုံးခွင့်မရှိတော့တာလည်းဖြစ်ပါတယ်။
လက်ရှိပင်လည်ဘူးမြို့နယ်အလုံးစုံကို NUG က ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် ရှမ်းဓလေ့ အစဉ်လာဖြစ်တဲ့ ကျောင်းတက်ဆရာကန်တော့ပွဲတွေကို ကျင်းပခွင့် မရသေးဘူးလို့လည်း လေ့လာသိရှိရပါတယ်။
၂၀၂၅ ခုနှစ်မှာ ကျရောက်တဲ့သင်္ကြန်ပွဲမှာလည်း လူပေါင်းထောင်နှင့်ချီသေဆုံးခဲ့တဲ့ ငလျင်ကြောင့် ပွဲတော်ကို ကျင်းပခြင်းမရှိပဲ ရိုးရာအစဉ်အလာအတိုင်း ရေပတ်ခြင်းကိုသာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။