စက်တင်ဘာ ၁၇ ၊ ရန်ကုန်
လတ်တလော မြန်မာပြည်တွင် ကြုံတွေ့နေကြရတဲ့ တိုင်ဖွန်းမုန်တိုင်းသဘာဝဘေးအန္တရာယ်များအတွက် အိန္ဒိယနှင့် တောင်ကိုရီးယား အစိုးရတွေက ကူညီထောက်ပံ့ပေးသွားမယ်လို့ သက်ဆိုင်ရာ သံရုံးတွေဟာ ထုတ်ပြန်ထားပါတယ်။
အိန္ဒိယအစိုးရက တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့်ဖြစ်ပေါ်လာရတဲ့ ရေကြီးရေလျှံမှု ၊ မြေပြိုမှုကဲ့သို့သော ဘေးအန္တရယ်များ ရင်ဆိုင်ခံစားနေရတဲ့ မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူညီများ ပေးအပ်သွားမယ်လို့ ဆိုထားပါတယ်။
“မြန်မာပြည်အတွက် ရိက္ခာခြောက်များ၊ အဝတ်ထည်များ ၊ ဆေးဝါးများနှင့် အခြေခံလူ့အသုံးဆောင်တို့ စုစုပေါင်း ၁၀ တန်ချိန်လောက်ကို အိန္ဒိယရေတပ် သင်္ဘော INS Satpura ပေါ်တင်ဆောင်ကာ ဒီကနေ့ပဲ ထွက်ခွာသွားခဲ့ပြီ”လို့ အန္ဒိယပြည်ပရေးရာဝန်ကြီးက လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် တောင်ကိုရီးယားအစိုးရကလဲ လူသားချင်းစာနာထောက်ထားမှုအကူညီအတွက် ဒေါ်လာ ၁၃ သန်း ထောက်ပံ့ကူညီသွားမယ်လို့ထုတ်ပြန်ထားပါတယ်။
တောင်ကိုရီးယားအစိုးရက မြန်မာပြည်သူများအတွက် USD ဒေါ်လာ ၁၃ သန်းကို နိုင်ငံတကာအဖွဲ့စည်းတွေဖြစ်တဲ့ ICRC, OCHA, UNDP, UNHCR, UNICEF, UNHCR and the AHA Centre အဖွဲ့တို့မှတစ်ဆင့် ပံ့ပိုးကူညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးက ထုတ်ပြန်ထားတာပါ။
တိုင်ဖွန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် မြန်မာပြည်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှစပြီး မြန်မာပြည်အနှံ့ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိချိန်မှာ ၎င်းသဘာဝဘေးကြောင့် အနည်းဆုံးသေဆုံးသူ ၂၃၆ ဦးအထက်ရှိနေပြီး ၇၇ ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ အင်္ဂါနေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပြီး တကယ်လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့လဲ ဆိုထားပါတယ်။