စက်တင်ဘာ ၁၆ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်အတွင်းက ရွှေတူးဖော်နေသူများ ဒီဇယ်စျေးမြင့်တက်မှုများနှင့် ကြုံနေကြရကြောင်း ရွှေတူးဖော်နေသူများထံမှသိရသည်။
“ကုန်စျေးနှုန်းကတော့ တဝက်လောက်တက်လာတာပေါ့ ၊နိုင်ငံရေးကြောင့်လဲ ကုန်စည်စီးဆင်းမှုက တအားခက်ခဲနေတာလေ ၊ အဲ့မှာစျေးတက်တာပဲ“ ဟု ဗန်းမောက်အနောက်ခြမ်းက ရွှေတူးဖော်နေသူတစ်ဦးကဆိုသည်။
ယခု ရက်ပိုင်းတွင် ရွှေစျေးနှုန်းများလည်းမြင့်တက်လာခဲ့သော်လည်း ရွှေတူးဖော်မှုတွင်အသုံးပြုရသည့် ဒီဇယ်က စျေးပိုမြင့်တက်လာခဲ့ကြောင်း ၎င်းတို့က ပြောဆိုကြသည်။
“ ဒီနေ့က ဒီဇယ်စျေး ဗန်းမောက်မှာက နှစ်သိန်းရှစ်သောင်း မှော်ထဲအရောက်ဆိုရင် သုံးသိန်းကျော်တယ် ”ဟု ဗန်းမောက်မြို့နယ်အတွင်းက ရွှေတူးဖော်နေသူတစ်ဦးကဆိုသည်။
ဒီဇယ်စျေးနှင့် တခြားသောကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် ရွှေရရှိမှုနည်းလျှင် လုပ်ငန်းရပ်နားရနိုင်မည့် အခြေအနေများရှိနေသည်။
ကုန်စျေးနှုန်းမြင့်တက်လာခဲ့သော်လည်း ရွှေတူးဖော်မှုတွင် ရွှေရရှိမှု ယခင်ထက်ပိုနည်းလာခဲ့ကြောင်း ပြောဆိုကြသည်။
“ မျောသမားတွေအနေနဲ့တော့ အလုပ်နားရမယ့်အနေထားပေါ့ ရွှေထွက်နှုန်းကောင်းတဲ့လူတချို့ကတော့ ဆက်လုပ်ကြမှာပဲ ပုံမှန်လူတွေကတော့ အရှုံးပေါ်ပီး လုပ်ငန်းနားရဖို့ရှိတယ်” ဟု ရွှေတူးဖော်နေသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
ဗန်းမောက်မြို့နယ်တွင် ရှမ်းနီ ၊ ကဒူး ၊ကနန်း လူမျိုးများနေထိုင်ပြီး လယ်ယာစိုက်ပျိုးရေး နှင့် ရွှေတူးဖော်မှုကို အဓိကလုပ်ကိုင်သည့်မြို့တစ်ခုလည်းဖြစ်သည်။