ရှမ်းပြည်မြောက်ပိုင်းမှာညီနောင်မဟာမိတ် (၃) ဖွဲ့က ၁၀၂၇စစ်ဆင်ရေး စတင်

အောက်တိုဘာ ၂၇၊ လားရှိုး

ရှမ်းပြည်မြောက်ပိုင်းမှာ အခြေပြုတဲ့  ကိုးကန့်တပ် MNDAA, တအာင်းပလောင်တပ် TNLA နဲ့ ရခိုင့်တပ် AA တို့ ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့က Opertion 1027  စစ်ဆင်ရေးစတင်ကြောင်း ဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ 

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ တရုတ်-မြန်မာနယ်စပ်မှ ကျယ်ပြန့်လာတဲ့ အွန်လိုင်းလိမ်လည်မှု ၊ Online Game (ကျဖျင်) ကုမ္ပဏီတွေကို နိမ်နင်းရေးအတွက် Opertion 1027  လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးကို ကြေညာလိုက်တာလို့ ထုတ်ပြန်ထားပါတယ်။ 

ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ထုတ်ပြန်မှုထဲမှာ ဒေသကို ပိုမိုထိန်းချုပ်နိုင်ရေး၊ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး စတာတွေပစ်ခတ်တိုက်ခိုက်မှုတွေအပေါ် ဟန့်တားနိုင်ရေးအတွက်လည်း လုပ်ဆောင်တာဖြစ်တယ်လို့ဆိုထားပါတယ်။ 

ဒီနေ့ အောက်တိုဘာလ (၂၇)ရက်နေ့ တစ်ရက်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းဒေသတွေမှာ မဟာမိတ်ညီနောင်သုံးဖွဲ့က စစ်ကောင်စီ တပ်စခန်းများ၊ တိုးဂိတ်များ၊ ကုန်သွယ်ရေးဇုန်များတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ(၁)အတွင်းမှာ နှစ်ဖက်တိုက်ပွဲပြင်ထန်လာနိုင်သည့်အတွက် လားရှိုး-ချင်းရွှေဟော် နှင့် လားရှိုး-မူဆယ် လမ်းမကြီးများကို ဒီနေ့မနက် ၆ နာရီကနေ စတင်ပြီး  အရေးပေါ်ပိတ်ပင်လိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။

လားရှိုးမှာကတော့တိတ်ဆိတ်နေတယ်။ဟိုလိုတိတ်ဆိတ်တယ်ဆိုတာကလည်းကိုယ့်အလုပ်သူအလုပ်လုပ်နေကြတာ၊သိန်းနီ၊မူဆယ်၊ချင်းရွှေဟော်ဘက်ကလမ်းတွေကအကုန်ပိတ်ထားတယ်။ခရီးသည်တွေကတော့အကုန်လုံးပြန်နေတာလို့ရှမ်းမြောက်ဒေသခံတစ်ဦးကပြောပြပါတယ်။ 

Operation 1027 စစ်ဆင်ရေးဟာ  ရှမ်းပြည်မြောက်ပိုင်းတွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မူဆယ်နှင့် နမ့်ခမ်းမြို့ နဲ့ မိုးကုတ်မြို့တွေမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

Operation 1027 ရဲ့ လူမှုကွန်ရက်စာမျက်နှာ သတင်းထုတ်ပြန်မှုအရ ဒီနေ့မနက်ပိုင်းမှာ ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိးမြိုရှိ စစ်ရေးအဓိကကျသောနေရာ အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်ကတော့ ဒီစစ်ဆင်ရေးကို လေကြောင်း ၊ အတွဲလိုက်ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးများ၊ သံချပ်ကာကားတွေနဲ့ တန်ပြန်လုပ်ဆောင်နေတာကို တွေ့မြင်ရပါတယ်။ 

ဒီစစ်ဆင်ရေးအတွင်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ချင်းရွှေဟော်မြို့တစ်ခုလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေရသလို ၊ လောက်ကိုင်မြို့မှာလည်း စစ်ဘေးတိမ်းရှောင်သူတချို့ ရှိနေပြီး ၊ ပိတ်မိနေသူများစွာလည်းရှိသေးကြောင်းသိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *