
ဧပြီ ၆ ၊ လားရှိုး
ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့(MNDAA) တပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ ကိုးကန့်တပ်ဖွဲ့တွေဟာ တပ်ဆုပ်မှုတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဒေသခံများထံမှ လေ့လာသိရှိရပါတယ်။
မြို့ပေါ်ရပ်ကွက်တွေကနေ ကိုးကန့်တပ်ဖွဲ့တွေ ဆုတ်ခွာပေမယ့် လက်နက်ကိုင်အဖွဲ့မဟုတ်တဲ့ အုပ်ချုပ်ရေးယန္တရားတွေ ဝင်ရောက်ခွင့်ပေးပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ကိုးကန့်တပ်ဖွဲ့တွေဟာ လားရှိုးမြို့ရဲ့ ပတ်ပတ်လည်မှာ အသင့်ရှိနေဆဲဖြစ်ပြီး မြို့တွင်းမှာ တပ်ဖွဲ့ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဆက်လက်ရှိနေမှာဖြစ်တယ်လို့လည်းသိရပါတယ်။
“ မြို့ထဲကနေလို့တော့ ဆုတ်တယ်။ အရပ်ဘက်အဖွဲ့စည်းတွေ ဝင်လာလိမ့်မယ်၊ ပညာရေးတို့၊ စည်ပင်သာယာတို့စတာတွေပေါ့။ ကိုးကန့်တပ်တွေက ရပ်ကွက်ပေါ်ကပဲ နေရာဖယ်ပေးလိုက်တာ သူ့ယန္တရားက ရှိနေသေးတယ်။ မြို့ပတ်ပတ်လည်မှာလည်း ကိုးကန့်တပ်တွေပဲ ရှိနေတာလေ။ တရုတ်ကနေရာဖယ်ခိုင်းတာလေ တရုတ်ကိုမှ သူတို့မလွန်ဆန်နိုင်တာ။” လို့ လာရှိုးစစ်ဘေးရှောင်တစ်ဦးက ပြောပြပါတယ်။
ကိုးကန့်တပ်ဖွဲ့တွေ လားရှိုးမြို့ပေါ်မှ ဆုတ်ခွာပေမယ့် စစ်ကောင်စီတပ်ဖွဲ့ တွေ ဝင်ရောက်လာတာမျိုးတော့ ခုချိန်ထိ မကြားသိရသေးကြောင်းနှင့် ဝင်ရောက်ခွင့်ပြုနိုင်ဖွယ်အခြေနေ မတွေ့ရသေးကြောင်း ၎င်းက ဆက်လက်ပြောပြပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်က ဦးဆောင်ပြီး PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လဆန်းပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးဖြင့် ကိုးကန့်တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
လားရှိုးမြို့ကနေ ကိုးကန့်တပ်ဖွဲ့တွေက ဆုတ်ခွာဖို့အတွက် အခုနှစ်တရုတ်နှစ်သစ်ကူးကာလ မှာ သတင်းတွေထွက်ပေါ်လာခဲ့ပြီးနောက် လပိုင်းအကြာမှာပဲ ဆုတ်ခွာမှုတွေပြုလုပ်လာတာဖြစ်ပါတယ်။