လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သံဃာတော်များနဲ့ အရပ်သားများအတွက် ဆေးကုသဖို့ အကူအညီလိုအပ်နေ 

မတ် ၁၉ ၊ နောင်ချို

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင်  မတ်လ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်တွေနဲ့ အရပ်သား စုစုပေါင်း ၁၅ ဦးအထိသေဆုံးခဲ့ပြီး ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှမ်းအရပ်ဘက်အဖွဲ့အစည်းများက သတင်းထုတ်ပြန်ထားကြပါတယ်။

လေကြောင်းကနေ တိုက်ခိုက်ခံရမှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာအရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်နေပြီး ဆေးကုသမှုအတွက် ငွေကြေးအကူအညီများစွာလိုအပ်နေတယ်လို့  Tai Youth Humanitarian Assistanc Committee ( TYHAC) က မတ်လ ၁၈ ရက်နေ့မှာ ပြောဆိုထားပါတယ်။ 

လက်ရှိမှာ အရေးပေါ်ခွဲစိတ်ဖို့ လိုအပ်နေတဲ့ သံဃာတော် ၂ ပါး နဲ့ အရပ်သား ၂ ဦးအတွက် ငွေကြေး ကျပ်သိန်း ငါးဆယ်လိုအပ်နေပြီး အကူအညီပေးဖို့အတွက် TYHAC က ပြောဆိုထားပါတယ်။ 

လိုအပ်နေတဲ့ ငွေကြေးအတွက် TYHAC က ကမ်ပိန်းတစ်ခုပြုလုပ်နေပြီး ဆက်သွယ်လှူဒါန်းကြဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။ 

TYHAC  က ဘယ်လက်နက်ကိုင် စစ်တပ် ၊ အဖွဲ့အစည်းများ နှင့် ဆက်နွှယ်မှု ၊ ပတ်သက်မှု မရှိပဲ သျှမ်းပြည်အတွင်းရှိ စစ်ဘေးဒုက္ခ ကြုံတွေ့လျှက်ရှိတဲ့  ပြည်သူများ အတွက် လူမူကူညီရေး လုပ်ငန်း များကို သီးသန့်ဆောင်ရွက်နေသည့် ပရဟိတ အဖွဲ့အစည်းလို့ သိရပါတယ်။

တ်လ ၁၆ ရက်နေ့မှာ နောင်ချိုမြို့ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး အပါအဝင် စက်သေနတ်တွေနဲ့ပါပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တအာင်း(ပလောင်) အမျိုးသားများလွတ်မြောက်ရေးတပ်မတော် PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။ 

အခုလုပ်ရပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ အရပ်သားတွေအပေါ် ကျူးလွန်တဲ့လုပ်ရပ်ဖြစ် ပြီး အရပ်သားတွေအနေနဲ့  စစ်ရေးသတိအမြဲရှိဖို့လိုအပ်တယ်လို့ TNLA ကပြောဆိုထားပါတယ်။ 

PSLF/TNLA ထိန်းချုပ်စိုးမိုးထားတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၈ ကြိမ်ကျော်ပြုလုပ်ခဲ့ပြီး ၁၃ ဦးသေဆုံးခဲ့သလို ၃၆ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ၎င်းတို့ရဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *