
မတ် ၄ ၊ တောင်ကြီး
ရှမ်းလူထုဘဝလုံခြုံရေးနဲ့ အကျိုးစီးပွား နစ်နာမှုတွေကို အဓိကထားကာကွယ်စောင့်ရှောက်ပေးဖို့ သျှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရှမ်းလူငယ်တွေက တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ကျရောက်တဲ့ “ ရှမ်းလူငယ်နေ့” အထိမ်းအမှတ်နေ့ သဘောထားကြေညာချက်ထဲမှာ ထည့်သွင်းတောင်းဆိုထားတာပါ။
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အသီးသီးတွေဟာ ဒီနေ့အချိန်မှာ ရှမ်းလူထု ဖိနှိပ်ခံနေရတာကို သိမြင်နေပေမယ့်လည်း ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိသေးတာကြောင့် အဓိကကျတဲ့ တာဝန်လုပ်ငန်းကို ပျက်ကွက်လစ်ဟင်းနေတယ်လို့ဆိုပါတယ်။
အဲ့တာကြောင့် မတရားဖိနှိပ်မှုတွေကို ထိရောက်တဲ့ကာကွယ်မှုများ တာဝန်ယူဆောင်ရွက်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
ရှမ်းလူငယ်တွေဟာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေအပြင် ရှမ်းသံဃာထုများ ၊ စာပေနဲ့ယဉ်ကျေးမှု အဖွဲ့များ ၊ နိုင်ငံရေးပါတီများ နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုလည်းအသီးသီးတောင်းဆိုထားကြပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း ရှမ်းလူငယ်တွေအပါအဝင် ရှမ်းလူမျိုးတွေဟာ စစ်ပွဲတွေကြောင့်မြို့ရွာပျက်စီးတာ ၊ လက်နက်ကိုင်တပ်တွေရဲ့ ဖိနှိပ်တာ ၊ လယ်ယာမြေတွေ ပျက်စီး သိမ်းဆည်းခံရတာတွေကြုံနေကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှု၊ လောင်းကစား ၊ လူကုန်ကူးခံရမှု၊ စစ်သားစုဆောင်းခံရမှုနဲ့ နောက်ဆက်တွဲပြဿနာတွေကိုရင်ဆိုင်နေကြရတယ်လို့ဆိုပါတယ်။
ပြဿနာရပ် ၁၀ ခုကို ရှမ်းလူငယ်တွေက မီးမောင်းထိုးပြထားပြီး အဲ့အချက်တွေကို ရှမ်းအဖွဲ့အစည်းအသီးသီးတွေက ကူညီဖြေရှင်းဖို့ တိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။
ရှမ်းလူငယ်နေ့ကို ၂၀၁၇ ခုနှစ်က ပဲခူးတိုင်း၊ သပြေတန်းကျေးရွာမှာ ပြုလုပ်တဲ့ “တတိယအကြိမ်မြောက် ရှမ်းလူငယ်ညီလာခံ” ကနေ ဒေါက်တာဘဉာဏ်ကို ဂုဏ်ပြုတဲ့နေအနေနဲ့ သူ့မွေးနေ့ဖြစ်တဲ့ မတ်လ (၁) ရက်နေ့ကို “ ရှမ်းလူငယ်နေ့” အဖြစ် သဘောတူဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
