
ဖေဖော်ဝါရီ (၂၀) ၊ တီဟီရန်
အီရန်နိုင်ငံအနေဘက်က နျူကလီးယားအစီစဉ်နဲ့ ပတ်သက်တဲ့ သဘောတူညီချက် တစ်စုံတစ်ရာကို (၁၀) ရက်ကနေ (၁၅) ရက်အတွင်းပေးဖို့ အမေရိကန် သမ္မတ ထရမ့်က သတိပေးထားပြီး မဟုတ်ရင် “အလွန်ဆိုးရွားတဲ့ အရာတွေ ဖြစ်ပျက်လိမ့်မယ်လို့” သူက ဆိုလိုက်ပါတယ်။
“မဟုတ်ရင် မကောင်းတာတွေ ဖြစ်လာလိမ့်မယ်” ဟု အီရန်ကို တိုက်ခိုက်မယ့်အကြောင်း အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့တဲ့ ထရမ့်က ဝါရှင်တန်မှာပြုလုပ်တဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ရဲ့ ပထမဆုံးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဇွန်လက အမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုများအကြောင်း ထရမ့်ပြောကြားခဲ့ပြီး အီရန်ရဲ့နျူကလီးယားအလားအလာဟာ”လျော့နည်းသွား” တယ်လို့ပြောပါတယ်။
တီဟီရန်သာ တိုက်ခိုက်ခံခဲ့ရမယ်ဆိုရင် ဒေသတွင်းရှိ အမေရိကန်အခြေစိုက်စခန်းများကို လက်စားချေမယ်လို့ အီရန်ကလည်း တုံ့ပြန်ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ ပေးပို့ခဲ့တဲ့ စာထဲမှာ တီဟီရန်/ အီရန် ဟာ ဘယ်စစ်ပွဲကိုမှ စတင်မှာမဟုတ်ပေမယ့် “စစ်ရေးအရ ကျူးကျော်မှုခံရမယ်ဆိုရင် မိမိတို့ရဲ့ ကိုယ်ပိုင်ကာကွယ်မှုအခွင့်အရေးကို ကျင့်သုံးရာမှာလည်း ပြတ်ပြတ်သားသား အချိုးကျ တုံ့ပြန်မယ်လို့ဆိုထားပါတယ်။
“ဒေသအတွင်းရှိ ရန်လိုနေတဲ့တပ်ဖွဲ့ရဲ့ အခြေစိုက်စခန်းများ၊ အဆောက်အအုံများနဲ့ပိုင်ဆိုင်မှုများအားလုံးဟာ တရားဝင်ပစ်မှတ်များ ဖြစ်လာမယ်” လို့ အဲ့ဒီစာထဲမှာ ဖော်ပြထားပါတယ်။
အီရန်နဲ့ အမေရိကန် ညှိနှိုင်းရေးမှူးတွေဟာ အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက “လမ်းညွှန်မူများ” ကို သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွေမှာ အမေရိကန်ရဲ့ စစ်ရေးတည်ဆောက်မှု ကြီးကြီးမားမားရှိလာတာကြောင့် ပိုမိုကျယ်ပြန့်သော စစ်ပွဲတစ်ခုဖြစ်လာမှာကို စိုးရိမ်မှုများ တိုးပွားလာနေချိန်မှာ ထရမ့်က အီရန်နဲ့ တင်းမာမှုကို အဆုံးသတ်ရန် ဆွေးနွေးမှုတွေရှိနေတာဖြစ်ပါတယ်။
