သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီးသွားရောက် 

အောက်တိုဘာ ၁၆ ၊ ပင်လည်ဘူး 

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက NUG သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သွားရောက်ခဲ့တယ်လို့ မနေ့က အောက်တိုဘာလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ပင်လည်ဘူးမြို့ကို သိမ်းပိုက်ပြီး တစ်ရက်အကြာ  အောက်တိုဘာလ  ၁၀ ရက်နေ့မှာ ဝန်ကြီးဦးရည်မွန်က ပင်လည်ဘူးမြို့ကို သွားရောက်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေအပါအဝင် စစ်သုံ့ပန်းတွေ နဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောဆိုထားပါတယ်။ 

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲအတွင်းက သိမ်းဆည်းမိထားတဲ့ မူးယစ်ဆေးဝါး ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၅၂) ခွက်၊ ဘိန်းဖြူထုတ် (၁၂၈၅) ထုတ်နှင့် ဘိန်းမဲ ၁၈ထုတ် (တထုတ်လျှင် ၁ ပိဿာ ခန့်မှန်း)  မီးရှို့ဖျက်ဆီးတဲ့ အခန်းအနားတစ်ရပ်ကိုလည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ 

ပင်လည်ဘူးမြို့နဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ဝန်းသိုမြို့ကိုလည်း စစ်ကောင်စီ ဒုဥက္ကဌ  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မနေ့က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ဝန်းသိုတပ်နယ်အတွင်းက တပ်မိသားစုတွေနဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

ပင်လည်ဘူးမြို့ကနေ ထွက်ခွာခဲ့တဲ့ စစ်ကောင်စီတပ်သား နှစ်ရာကျော်ဟာတွေဟာ ဝန်းသိုတပ်နယ်အတွင်းဝင်ရောက်ပူးပေါင်းခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ 

ပင်လည်ဘူးမြို့ကို NUG လက်အောက်မှာရှိတဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ  ငါးကြိမ်တိုင် မြို့သိမ်းတိုက်ပွဲ ဆင်နွဲခဲ့ဖူးပြီး ပြီးခဲ့သည့် ၂၀၂၃  ခုနှစ် အောက်တိုဘာလက ပထမဆုံးအကြိမ်အဖြစ် မြို့ကိုယာယီ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပြန်လည်ထိုးစစ်ဆင်လာတာကြောင့် တစ်နှစ်ခန့် လက်လွှတ်ထားခဲ့ရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *