
ဇန်နဝါရီ ၁၆ ၊ ဟုမ္မလင်းမြို့
စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့ကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ရောက်ရှိခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာက ဖော်ပြပါတယ်။
ဟုမ္မလင်းမြို့ တပ်နယ်ခန်းမထဲမှာ တပ်မိသားစုတွေနဲ့ ကာကွယ်ရေးဝန်ကြီး ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်တို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံပွဲမှာ တပ်ရဲ့ စွမ်းရည်မြှင့်တင်ရေးအတွက် တစ်ဦးချင်း ၊ တပ်ဖွဲ့လိုက် လုပ်ဆောင်ဖို့လိုအပ်ပြီး အမြဲလေ့ကျင့်ကြဖို့ကို ပြောဆိုခဲ့တယ်လို့ ဆိုထားပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းက နေရာတချို့မှာတိုက်ပွဲဖြစ်ပွားနေချိန်တွင် ကာကွယ်ရေးဝန်ကြီးဌာနက အမြင့်ဆုံးလူတွေ လာရောက်ခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့နယ်အများစုထဲက မြို့ရွာအများစုတွေကို တော်လှန်ရေးအင်အားစုတွေတိုက်ခိုက် သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်နေတာလည်းဖြစ်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေး MPM ရဲ့ စာရင်းအရ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပင်လည်ဘူးမြို့နယ် ၊ ရွှေပြည်အေးမြို့ ၊ မော်လူးမြို့ ၊ မြို့သစ် ၊ ခမ်းပတ်မြို့တို့ကို NUG ၊ ဒေသကာကွယ်ရေး နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ထားတာဖြစ်ပါတယ်။
