
ဇန်နဝါရီ ၂၉ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဟဲခမ်းကျေးရွာအုပ်စု သဖန်းကုန်းကျေးရွာမှာ ဒေသအတွင်းကျန်းမာရေးလိုအပ်ချက်မြင့်မားနေချိန် ကျန်းမာရေးဌာနတစ်ခုကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပူးပေါင်းတည်ဆောက်ခဲ့တယ်လို့ ဦးဆောင်သူများထံမှ သိရပါတယ်။
ကျေးလက်ကျန်းမာရေးဌာနကို သဖန်းကုန်းဆရာတော် ဦးဝိမောက္ခမှဦးဆောင်ပြီး အရပ်ဘက်အဖွဲ့အစည်းများနဲ့တည်ဆောက်ပြီးစီးခဲ့ကာ ဇန်နဝါရီလ(၂၇)ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။
“ အရင်က ကျန်းမာရေးဌာနက ရွာမှာမရှိခဲ့ဘူး။ ဟိုတုန်းကတော့ နောင်ပူအောင် တိုက်နယ်ဆေးရုံရှိတာပေါ့ အခုက တိုက်နယ်ဆေးရုံက ပိတ်ထားတဲ့အခါကျတော့ ကိုယ်ဝန်ဆောင်မိခင်တွေ သက်ကြီးရွယ်အိုတွေက ဒုက္ခရောက်တာပေါ့လေ နိုင်ငံရေးမကောင်းတဲ့အခါကျတော့ သေရေးရှင်ရေးလုံးပန်းနေကြရတာ ကုပေးမဲ့သူကမရှိတော့ဘူး ဦးဇင်းကိုယ်တိုင်လိုက်ပြီးလုပ်ပေးပို့ပေးရတဲ့အခါကျတော့ ဆေးခန်းမရှိရင်မဖြစ်တော့ဘူး ဆိုပြီးဖွင့်ရတာပေါ့လေ”ဟု ဆရာတော်က ရှမ်းနီအသံကို ပြောပြပါတယ်။
ကျန်းမာရေးဌာနတည်ဆောက်နိုင်ဖို့အတွက် (၂၀၂၄)ခုနှစ်ကနေ တစ်နှစ်ကျော်ကြာရံပုံငွေရှာဖွေခဲ့ရာ အာဏာပိုင်များ၊လုပ်ငန်းရှင်များနဲ့ ကျေးရွာသူ/သားဒေသခံများက ဝိုင်းဝန်းလှူဒါန်းမှုများဖြင့် ကျပ်ငွေသိန်း(၆)ထောင်ကျော်ကုန်ကျခဲ့ပြီး ပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ထံ ကျန်းမာရေးဝန်ထမ်း (၄)ဦး တင်ပြတောင်းဆိုထားတယ်လို့လည်း သိရပြီး နိုင်ငံတော်အသိအမှတ်ပြု ကျန်းမာရေးဌာနအဖြစ် သတ်မှတ်ပေးဖို့ကိုလည်း ထည့်သွင်းတင်ပြထားတယ်လို့ သိရပါတယ်။
(၂၀၂၃ )ခုနှစ်ကနေ စတင်ပြီး ဟဲခမ်းကျေးရွာအုပ်စုနဲ့အနီးဆုံးက နောင်ပူအောင်စံပြကျေးရွာရှိ တိုက်နယ်ဆေးရုံကိုလည်းကောင်း နမ့်တောစံပြကျေးရွာရှိ ကျန်းမာရေးဆေးခန်းတို့ကိုလည်း နိုင်ငံရေးအခြေအနေများကြောင့် ပိတ်ပင်ထားကာ ယနေ့အထိဖွင့်လှစ်နိုင်ခြင်းမရှိသေးပါဘူး။
ဟုမ္မလင်းမြို့နယ်အတွင်းက ကျန်းမာရေးဌာနအားလုံးနီးပါး ပိတ်ပင်ထားဆဲဖြစ်တာကြောင့် ကျေးလက်ဒေသခံအားလုံးနီးပါးဟာ ဟုမ္မလင်းမြို့ပေါ်ရှိ ဆေးရုံကိုသာ အားထားနေကြရတာလည်းဖြစ်ပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်းကို ဆေးဝါးများသယ်ယူရတဲ့အခါ လမ်းပိုင်းတွေမှာ စစ်ဆေးမေးမြန်းမှု တင်းကြပ်တာတင်မက ဆေးဝါးအခွန်ကိုလည်း ဆေးရဲ့တန်ဖိုးထက်ဝက်နီးပါး ပေးဆောင်ကြရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းများထံကနေ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်က ကျေးရွာပေါင်း (၃၇၀) ကျော်မှာ ကျေးလက်ကျန်းမာရေး (၁၄) ခုနဲ့ ကျန်းမာရေးဌာနခွဲ (၅၇) ခုရှိပေမယ့်လည်း အားလုံးနီးပါးဟာ (၂၀၂၂) ခုနှစ်နောက်ပိုင်းမှာ အခက်အခဲမျိုးစုံကြောင့် ပိတ်ထားရတာလည်းဖြစ်ပါတယ်
