အောက်တိုဘာ ၉ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာရှိ မိုင်းကိုင်းနယ်မြေရဲစခန်းအနီးတွင် အောက်တိုဘာလ ၈ ရက်နေ့ ညသန်းခေါင်ကျော်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ ည (၁၂) ကျော်နောက်ပိုင်းတော့ဟုတ်တယ်၊ ပထမတစ်လုံးက အသံတိုးတယ် ၊ ပြီးမှ ဒုတိယတစ်လုံးက အသံအကျယ်ကြီး ၊အထိအခိုက်တော့ဘာမှမကြားဘူးခင်ဗျာ ၊ အပျက်အဆီးလည်းဘာမှ မတွေ့ရဘူးဗျ ၊ အခုရွာထဲမှာကလည်း အေးဆေးပဲ“ ဟု နမ့်တောကျေးရွာသား တစ်ဦးက ရှမ်းနီအသံကို ပြောသည်။
နမ့်တောကျေးရွာရှိ မိုင်းကိုင်းနယ်မြေရဲစခန်းတွင်လွန်ခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။
ဟုမ္မလင်းမြို့နယ်အတွင်းတွင် ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်များက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။
ယခုရက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်ကို စစ်ကောင်စီခန့်သည့် ဝန်ကြီးချုပ်များလာရောက်မည်ဆိုသည့် သတင်းကြောင့်လည်း ဟုမ္မလင်းမြို့ပေါ် လုံခြုံရေးများတင်းကြပ်ထားသည်။