မေ ၂၈ ၊ ဟုမ္မလင်း
ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ မေလ ၂၇ ရက်နေ့ နေ့လည်ပိုင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီလက်အောက်ခံရဲတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
“ ဒီလိုပါ ဌာနဆိုင်ရာအဖွဲ့တွေ သူတို့တွေ ရွှေပြည်အေးရောက်လာတယ်။ ကိုယ့်ဆီကတွေလည်းမသိဘူး ကိုယ့်ဒေသတည်ငြိမ်အေးချမ်းရေးဆိုပြီး နယ်လှည့်သွားလာလှုပ်ရှားနေတာခါကျတော့ သူတို့လည်းဆင်းသွားတဲ့အခါမှာ ရဲကပါလာတော့ ရဲကစစ်ပစ်တယ်လို့ပြောတယ်။ ရဲတွေကလည်း ယူနီဖောင်းမဝတ်ထားဘူး ။ စပစ်တဲ့အခါမှာ ဒီဘက်ကလည်း ဟာလက်နက်ပါတယ်ဆိုပြီးတော့ ပြန်ပစ်ကြရင်းနဲ့ တိုက်ပွဲဖြစ်ပွားတယ်” လို့
SNA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းက ပြောပြပါတယ်။
ဒီတိုက်ပွဲကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲက တစ်ဦးကျပြီးတော့ သတင်းပေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သတ္ထုတွင်းဌာနက တစ်ဦးကလည်း ပေါင်မှာ သေနတ်ဒဏ်ရာတစ်ခုရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲပြီးတဲ့နောက် ဒေသတွင်းမှာ တည်ငြိမ်နေပြီး စစ်ရေးတင်းမာမှုမျိုးတွေလည်း မတွေ့ရကြောင်း ရွှေပြည်အေးဒေသခံတွေဆီကနေ သိရပါတယ်။
SNA တပ်ရဲ့ ခန္တီးမြို့နယ်ထဲက စခန်းငယ်တစ်ခုကို ဧပြီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့မှုတစ်ခုဖြစ်ပွားခဲ့သလို ဥရုချောင်းတွင်းမှာ လည်း ဧပြီလ ၂၂ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။