
နိုဝင်ဘာ ၅ ၊ မိုးညှင်း
ဒီနှစ််ထွက်မယ့် မိုးစပါးနဲ့ လာမယ့်နှစ်ထွက်မယ့် နွေစပါးတို့ရဲ့ အခြေခံရည်ညွှန်းစျေးတွေဟာ တင်း(၁၀၀) ကို ဆယ့်တစ်သိန်းခွဲကျပ် သတ်မှတ်ကြောင်း တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ကြေညာခဲ့ပါတယ်။
ဒီစျေးနှုန်းရရှိဖို့အတွက် စပါးအစိုဓာတ် (၁၄)% သာရှိရမှာဖြစ်ပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီတဲ့ တစ်တင်း (၄၆) ပေါင်ကိုက်ရမှာလို့ အဲ့ဒီအဖွဲ့က ဆိုပါတယ်။
လက်ရှိ ဈေးကွက်ပေါက်ဈေးတွေဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းရဲ့ အပေါ်မှာဖြစ်နေရင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမှာဖြစ်တယ်လို့ဆိုပါတယ်။
လက်ရှိ မိုးညှင်းမြို့နယ်တွင်းက တောင်သူတွေဟာ စပါးတစ်တင်းကို ကျပ်တစ်သောင်းကျော်နဲ့သာ ရောင်းချနေကြပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်နဲ့တွက်ချေကိုက်မှုမရှိဘူးလို့ သိရပါတယ်။
လက်ရှိမှာ စပါးရိတ်သိမ်းရာသီရောက်ရှိလာပြီး ရိတ်ချွေစက်ငှားရမ်းခစျေးနှုန်းတွေမြှင့်တက်နေတာကြောင့် ကောက်ရိတ်သမတွေနဲ့သာ ရိတ်သိမ်းနေရပြီး ကုန်ကျစရိတ်တွေလည်း ကြီးမြင့်ဆဲဖြစ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။
တောင်သူတွေဟာ စပါးစိုက်ပျိုးတဲ့ ရာသီမှာလည်း ချေးငွေဆိုင်ရာကန့်သတ်မှုတွေကြုံတွေ့ခဲ့ရပြီး လက်ရှိမှာလည်း စျေးနှုန်းကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ မိုးညှင်းမြို့နယ်အတွင်းက တောင်သူတွေဟာ စိုက်ပျိုးချိန်မှာ စိုက်ပျိုးရေး ချေးငွေနောက်ကျမှု ၊ ဓာတ်မြေဩဇာစျေးနှုန်းမြင့်တက်မှုတွေနဲ့ ကြုံခဲ့ရတဲ့အပြင် ရိတ်သိမ်းချိန်မှာလည်း ရိတ်သိမ်းဖို့အခက်အခဲအပြင် စပါးစျေးနှုန်းတွေပါ ကျဆင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
