အခွန်မဆောင်ထားတဲ့ ဖုန်းတွေကို အသုံးပြုခွင့် ကန့်သတ်မယ် 

မတ်လ ၅၊ ရန်ကုန်

မိုဘိုင်းဖုန်းတွေကို  CEIR ( Central  Equipment Identity  Register ) လို့ခေါ်တဲ့ စနစ်ကိုအသုံးပြုပြီး ဖုန်းတိုင်းမှာပါတဲ့ IMEI နံပါတ်တွေကို စာရင်းသွင်း မှတ်ပုံတင်ထားတဲ့ဟန်းဆက်တွေကိုသာ မိုဘိုင်းအော်ပရေတာ ကွန်ယက်တွေမှာအသုံးပြုခွင့်ပေးသွားမယ်လို့  CEIR နဲ့ EIR စနစ်စီမံကိန်းဦးစီးကော်မတီမှ သတင်းထုတ်ပြန်လာပါတယ်။ 

အခွန်မဆောင်တဲ့ မိုဘိုင်းဖုန်းတွေကို လာမယ့် ၂၀၂၆ ခုနှစ် ဧပြီ (၁) ရက်နေ့မှ စတင်အသုံးပြုခွင့် ကန့်သတ်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့ရက်ပေါင်း (၃၀) အတွင်း  အခွန်နဲ့ ဒဏ်ကြေးတွေကို ပေးဆောင်ပြီးမှသာ ပြန်လည်အသုံးပြုခွင့် ရရှိမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

မိုဘိုင်းဖုန်း မူရင်းအမှတ်အသား (International Mobile Equipment Identity – IMEI )ကို ထည့်သွင်းပြီး အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်ငွေအခွန်နဲ့ ဒဏ်ကြေးများကို ပေးဆောင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဖုန်းမှာ ဆင်းကဒ်တစ်ခုခုကို  ထည့်သုံးနေပြီးသားဆိုရင် အလိုအလျောက် မှတ်ပုံတင်ပြီးသားထဲ စာရင်းဝင်သွားမယ်လို့သိရပါတယ်။

ဒါကြောင့် မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားကာ ဆက်သွယ်ရေးကွန်ရက်များဖြစ်တဲ့ SIM Card (ဆင်းကဒ်) များထည့်သွင်းပြီး အသုံးပြုထားရန် လိုအပ်တယ်လို့ထပ်လောင်းပြောဆိုထားပါတယ်။

လိုင်းမမိတဲ့ ဒေသတွေမှာရှိသူတွေအနေနဲ့ ကတော့ အခွန်ရုံး သို့မဟုတ် အကောက်ခွန် ရုံးတွေမှာ ဒဏ်ကြေးပေးဆောင်ပြီး စနစ်ထဲ ပြန်လည်ဖွင့်ပေးရမယ်လို့လည်း သိရပါတယ်။

၂၀၂၁ ခုနှစ်ကစလို့ စစ်ကော်မရှင်ဟာ မိုဘိုင်းဖုန်းတွေကို မှတ်ပုံတင်တဲ့ စနစ်တွေကို လုပ်ဆောင်ထားပြီး မှတ်ပုံမတင်ထားတဲ့ ဆင်းကဒ်တွေကို နှစ်ရှည်ပိတ်ပင်ထားခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *