အင်းတော်ကြီးဒေသနန့်မွန်းမြို့ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့်လုပ်ကြံခံရ

မတ် ၂၆ ၊ အင်းတော်ကြီး 

   မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှာ နတ်ကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦး ယနေ့နံနက်(၃)နာရီ(၅၆)မိနစ်အချိန်တွင် နန့်မွန်းစျေးကြီးအတွင်း သေနတ်ဖြင့်လုပ်ကြံပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

    “ ကျွန်တော်ကြားတာတော့ သူ့မိန်းမကို စျေးသွားပို့တာပေါ့  သူတို့ကဟင်းပေါင်း ပိန်းပေါင်းလားမသိဘူး ရောင်းတာ သူ့မိန်းမကို သွားပို့တော့ အပစ်ခံရတာတဲ့ စျေးထဲမှာပဲ” ဟု ဖြစ်စဉ်ကိုသိရှိသူ ရပ်ကွက်တွင်းနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

     ပစ်ခတ်ခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူးက အသက်(၅၃)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့ ဦးဌေးအောင်အမည်ရှိတယ်လို့လည်းသိရပြီး ဦးခေါင်းနားထင်နှင့် လက်တို့မှာ သေနတ်ဒဏ်ရာ(၂)ချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။

     ပစ်ခတ်ခံရပြီးမနက်ပိုင်းအချိန်မှာပင် မြစ်ကြီးနားဆေးရုံသို့ သွားရောက်ဆေးကုသမှုခံယူနေပြီး နောက်ပိုင်းအခြေအနေကိုတော့ မကြားသိရသေးပါဘူး။

    “ နန့်မွန်းမှာလည်း PDFဘက်ကတွေက စာကပ်ထားတယ်လေ နန့်မွန်းပန်းခြံဘေးနားမှာ သတိပေးထားတာရှိတယ် စစ်မှုထမ်းတဲ့ အကြောင်းကိစ္စနဲ့ပတ်သက်ပြီးတော့ ကူညီတဲ့ရပ်ကွက်မှူး၊အုပ်ချုပ်ရေးမှူး၊ဆယ်အိမ်ကောင်းတွေကို သတိပေးထားတာရှိတယ်လေ အဲ့ဒါလုပ်ပြသွားတာနေမှာပေါ့”   ဟု နောက်ထပ် သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။ 

အင်းတော်ကြီးဒေသ နန့်မွန်းမြို့အတွင်း စစ်မှုထမ်းဥပဒေကို စတင်ကောင်အထည်ဖော်မှုတွေပြုလုပ်နေပြီလို့ စုံစမ်းသိရှိရပါတယ်။ 

စစ်မှုထမ်းဆောင်ရန် စာရင်းကောက်ယူခဲ့မှုကြောင့် PDF တပ်ဖွဲ့ဝင်များဘက်မှ လာရောက်ပစ်ခတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကြား ပြောဆိုမှုတွေရှိနေပါတယ်။ 

  ဦးဌေးအောင်ရဲ့  ရပ်ကွက်အုပ်ချုပ်ရေးမှုးတာဝန်ယူနေတဲ့ သက်တမ်းဟာ (၅)နှစ်ခန့် ကြာမြင့်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *