အင်းတော်ကြီးဒေသမှာ  စပါးရိတ်စက်နဲ့ကောက်ရိတ်သမရှားပါးမှုများ နှစ်နှစ်ဆက်တိုက်ရှိလာ

နိုဝင်ဘာ ၂၅ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် ၊အင်းတော်ကြီးဒေသအတွင်းမှာ စပါးရိတ်စက်(ရိတ်ချွေစက်)နဲ့ ကောက်ရိတ်သမရှားပါးမှုတွေ ဖြစ်ပေါ်နေတာ နှစ်နှစ်ဆက်တိုက်ရှိလာနေတယ်လို့ တောင်သူများထံမှ သိရပါတယ်။

 “မိုးညှင်းကိုလာခဲ့တာ လမ်းတစ်လျှောက်လုံး အင်းတော်ကြီးက စပါးတွေမှည့်လို့ဝင်းလို့ပဲ မရိတ်ကြရသေးဘူး။ ရိတ်ချွေစက်ကမဝင်ဘူးလေ ဒေသတွင်းကရှိတဲ့ဟာလည်းမနိုင်ဘူးပါ့ ကောက်ရိတ်သမလည်းမဝင်ဘူး နှစ်နှစ်ရှိပြီပါ့”ဟု အင်းတော်ကြီးဒေသခံ တောင်သူအမျိုးသမီးတစ်ဦးကအခုလို ပြောပြပါတယ်။

ဒီလို ရိတ်သိမ်းနိုင်ခြင်းမပြုလုပ်နိုင်သောကြောင့် အမှည့်လွန်ကျွေကျခြင်းများဖြစ်ပေါ်နေသလို မိုးရွာသွန်းမှုကြောင့်ပျက်စီးမှုတွေလည်း တောင်သူအများအပြားကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

စပါးရိတ်ချွေစက်ငှားရမ်းခက တစ်ဧကလကို  ကျပ်နှစ်သိန်းပေးဆောင်ရပြီး မိုးညှင်းမြို့နဲ့ဟိုပင်မြို့တွေက ရိတ်ချွေစက်များဝင်ရောက်လာခြင်းမရှိဘဲ ဒေသတွင်းမှာရှိတဲ့ ရိတ်ချွေစက်တွေကိုသာ အလှည့်ကျစောင့်ဆိုင်းနေရတာလည်းဖြစ်ပါတယ်။

ယခင်နှစ်တွေမှာ  မိုးညှင်းမြို့နဲ့ ဟိုပင်မြို့တွေကနေ  ဒေသထဲဝင်ရောက်လာတဲ့ ရိတ်ချွေစက်များကို  တောင်သူများက ငှားရမ်းအသုံးပြုကြရတာလည်း ဖြစ်ပါတယ်။ 

ရိတ်သိမ်းပြီးတောင်သူတစ်ချို့ကလည်း ကျေးရွာအတွင်းမငြိမ်မသက်မှုတွေကြောင့် စပါးများကိုနေအိမ်များသို့သယ်ယူခြင်းမပြုဘဲ လယ်ယာတဲတွင်သာသိုလှောင်ထားရှိနေရတယ်လို့လည်း ဆိုကြပါတယ်။

ဒါ့အပြင် ကောက်သစ်စပါးတစ်တင်းလျှင် ကျပ်တစ်သောင်းကျော်စျေးသာရရှိနေပြီး ပြင်ပစပါးဝယ်ယူသူကုန်သည်များ လာရောက်ခြင်းမရှိဘဲ ဒေသတွင်းကကုန်သည်အနည်းငယ်သာ ရှိနေတာပါ။

ပြီးခဲ့တဲ့၂၀၂၄ ခုနှစ်ကလည်း စပါးတစ်တင်းလျှင် ကျပ်(၁၂၀၀၀)သာရှိပြီး တောင်သူလယ်သမားများ အရှုံးပေါ်ခဲ့ကြသလို စိုက်ပျိုးချေးငွေများလည်းဆပ်နိုင်ခြင်းမရှိတော့တာကြောင့် ယခုနှစ်မှာ မိုးညှင်းမြို့နယ်မှာချေးငွေချပေးခြင်းမရှိတော့ဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *