အင်းတော်ကြီး အနောက်ကမ်းမှာ စစ်ဖြစ်မည့်သတင်းများကြောင့် အသက်အရွယ်ကြီးသူများ စစ်ဘေးရှောင်နေ

ဖေဖော်ဝါရီ ၅ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် ၊ အင်းတော်ကြီးဒေသ၏ အနောက်ကမ်းကျေးရွာများမှာ စစ်ပွဲဖြစ်ပွားမည့် သတင်းများကြောင့် အသက်အရွယ်ကြီးသူများက အခုရက်သတ္တပတ်အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံများထံကနေ သိရှိရပါတယ်။ 

အင်းတော်ကြီး မငြိမ်ဘူးဟ၊ ညောင်ပင်မှာ စစ်ဖြစ်တော့မယ့်အတိုင်း လမ်းတွေပိတ် စစ်ကားကြီးတွေ စစ်သားတွေတင်ပြီး ချောင်းဝဘက်သွားနေပြီ၊ တစ်ချို့တွေလည်း ထွက်နေကြပြီ၊ အမတို့သားအမိတွေ ဘယ်နားသွားနေရမလဲမသိဘူး၊ စစ်ဖြစ်ကြဖို့ တပြင်ပြင်ဖြစ်နေကြတယ်။  လူတွေလည်းထင်ရာမြင်ရာပြောင်းနေကြပြီ၊ မိုးညှင်းရှောင်ကြ တောထဲရှောင်ကြ ညောင်ပင်ကလူတွေလည်း အမတို့ရွာကိုရှောင်လာကြတယ်” လို့ အင်းမြှီးဒေသမှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ အင်းတော်ကြီးဒေသထဲကိုဝင်ရောက်သွားတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာခဲ့ပါတယ်။ 

ဒီလိုသတင်းပျံ့နှံ့မှုကြောင့် အင်းတော်ကြီးမြို့ (လုံးတုံ) နဲ့ ညောင်ပင်ကျေးရွာတွေက ဒေသခံတွေဟာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ကြပြီး အသက်အရွယ်ကြီးသူတွေ ရွှေ့ပြောင်းကြတာဖြစ်တယ်လို့သိရပါတယ်။ 

တစ်စုတစည်းတည်းမလာကြဘူး သူတို့အမျိုးတွေဆီ ရှောင်လာကြတာပဲ၊ အဓိကက အသက်ကြီးပိုင်းတွေတစ်ဖြည်းဖြည်းနဲ့လာကြတာ၊ တချို့လည်းထွက်မရဘူးထင်တယ်၊ လမ်းပိတ်ပြီး အပြင်မထွက်ခိုင်းဘူးပြောကြတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ သတင်းတွေကြောင့်  KIA+PDF ပူးပေါင်းတပ်တွေသိမ်းထားတဲ့ ညောင်ပင်ကျေးရွာမှာ နေအိမ်တိုင်းစေ့ ဗုံးခိုကျင်းတူးထားကြဖို့ အခုရက်ပိုင်းမှာ ဆော်ဩမှုတွေပြုလုပ်ခဲ့ပါတယ်။ 

ဒါ့အပြင် ကျေးရွာပေါ်မှာ ဒရုန်းတွေပျံသန်းမှု ညတိုင်းနီးပါးရှိလာနေပြီး ဒေသခံများကလည်း စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။ 

အင်းတော်ကြီးဒေသ အနောက်ကမ်းက KIA ထိန်းချုပ်ထားတဲ့ မိုင်းနောင်ရွာအဝင်ဂိတ်မှာ ဖေဖော်ဝါရီလအစမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲ့ဒီဖြစ်ရပ်ပြီးနောက် ကျေးရွာအဝင်အထွက်တွေကိုလည်း ကွင်းလမ်းကိုအသုံးပြုပြီးသွားလာနေကြရတာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်လာနိုင်တာကြောင့် အင်းတော်ကြီး-မိုးညှင်း ၊ အင်းတော်ကြီး-ဟိုပင် လမ်းပိုင်းတချို့မှာ စစ်ဆေးရေးတင်းကြပ်လာနေပြီး အရေးပေါ် နှင့်မဖြစ်မနေ ခရီးသွားရမယ့်ကိစ္စကလွဲပြီး ခရီးမသွားကြဖို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားတယ်လို့ မြစ်ကြီးနားကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေက ပြောဆိုကြပါတယ်။ 

အင်းတော်ကြီးဒေသရဲ့ အနောက်ကမ်းကကျေးရွာတချို့  ၊ အင်းမြှီးဒေသ  နဲ့  အရှေ့ကမ်းက ကျေးရွာထက်ဝက်ကျော်ကို KIA+PDF ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး နမ့်မွန်းမြို့နှင့်အနီးတဝိုက်ကျေးရွာတွေကိုတော့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်ကောင်စီက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *