

ဒီဇင်ဘာ ၁ ၊ အင်းတော်
NUG က သိမ်းပိုက်ပြီး အုပ်ချုပ်နေတဲ့ အင်းတော်မြို့နယ်နဲ့ မော်လူးမြို့တို့မှာ လျှပ်စစ်မီးရရှိရေးအတွက် တစ်အိမ်ကို ကျပ်ငါးသောင်းကောက်ခံထားပေမယ့် လျှပ်စစ်မီးမရရှိတာကြောင့် ဒေသခံတွေကြား ဝေဖန်မှုတွေ မြင့်တက်နေတာလည်းဖြစ်ပါတယ်။
လျှပ်စစ်မီးရရှိရေးအတွက် လိုအပ်တဲ့ပြုပြင်စရိတ်အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ NUGက ဒီနှစ်နှစ်လည်ပိုင်းကစလို့ ကောက်ခံခဲ့ပေမယ့် လျှပ်စစ်မီးလုံးဝမရရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။
အင်းတော်မြို့နယ်တွင်းက သတင်းတွေကို ဖော်ပြနေတဲ့ Indaw Revolution ရဲ့ထုတ်ပြန်မှုအရ အင်းတော်မြို့နယ် မော်လူးမြို့မှာ လျှပ်စစ်ပြုပြင်စရိတ် ကျပ်သိန်းလေးထောင်နီးပါးရရှိခဲ့ပေမယ့် လျှပ်စစ်မီးက လုံးဝမရရှိကြောင်းဆိုထားပါတယ်။
NUG က အစောဆုံးသိမ်းပိုက်တဲ့မြို့ဖြစ်တဲ့ မော်လူးမြို့မှာ လျှပ်စစ်မီးရရှိရေးအတွက်ကောက်ခံငွေထဲက ပြုပြင်စရိတ် ကျပ်သိန်း ထောင့်ရှစ်ရာနီးပါးအသုံးပြုလိုက်ပြီး ကျန်ငွေတွေကို ပြန်လည်ခွဲဝေအပ်နှံပေးမယ်လို့သိရပါတယ်။
ဒီလိုကောက်ခံရာမှာလည်း အတင်းအကြပ်ကောက်ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“ မီးရရှိရန် ကောက်တဲ့အချိန်တုန်းက မီးကြေးမထည့်လျှင် တိုင်ကြိုး ဖြုတ်ယူမယ် မီးမပေးဘူးဆိုပြီး အတင်းအကြပ်ကောက်ယူခဲ့ကြတာပါ” ဟု Indaw Revolution က ရေးသားထားပါတယ်။
အင်းတော်မြို့နယ် နဲ့ မော်လူးမြို့တွေမှာ လျှပ်စစ်မီးမရတာကြောင့် ကောက်ခံထားတဲ့ငွေတွေကို ပြန်လည်ပေးအပ်သွားမယ်ဆိုထားပေမယ့် ရရှိသူအနည်းအကျဉ်းသာရှိသေးပြီး ပြန်လည်ပေးအပ်ရာမှာလည်း ထက်ဝက်ကိုသာ ရရှိသူတွေအများအပြားရှိတယ်လို့သိရပါတယ်။
အင်းတော်မြို့နယ်မှာ ၂၃၀ KVA ပင်မလျှပ်စစ်ဓာတ်အားခွဲရုံရှိပြီး တာပိန်(၁)ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အားတွေကို ကချင်ပြည်နယ်တောင်ပိုင်း ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေကို ဖြန့်ဝေပေးတဲ့နေရာဖြစ်ပါတယ်။
