မတ် ၁၂ ၊ ဖားကန့်
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာယဉ်ကျေးမှုရုံးကို မတ်လ ၁၁ ရက်နေ့မှာ အစည်းဝေးပြုလုပ်နေချိန် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ကျင်းလုပ်တဲ့သူတွေပါသူတို့ သူတို့ကျင်းလုပ်တဲ့အဖွဲ့တွေ ဒီဘက်ကအမြဲတမ်း ပိုက်ဆံပေးရတယ်လေ အဲ့တာကို ညှိနေတဲ့အချိန်မှာ ဖမ်းလိုက်တာ KIA တစ်ယောက်ပါသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ဖမ်းဆီးခံရသူတွေက KIA အရာရှိတချို့၊ ရွှေနှင့် ကျောက်လုပ်ငန်းရှင်တချိုု့ နဲ့ ဒေသခံတချို့ပါဝင်ပြီး ဘာကြောင့်ဖမ်းဆီးခံရလဲ ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ရိုးရာယဉ်ကျေးမှုရုံးမှာ လုပ်ငန်းရှင်တွေနဲ့ KIA တို့ ညှိနှိုင်းအစည်းဝေးလုပ်နေချိန် ဖမ်းဆီးမှုကြောင့် စုစုပေါင်း (၁၀) ဦးခန့် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးမှုမတိုင်ခင်မှာ ဖားပြင်ကျေးရွာအနီးမှာ ပစ်ခတ်မှုတွေရှိနေခဲ့တယ်လို့ ဆိပ်မူကျေးရွာ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ ငါတို့ကချင်ရိုးရာရုံးလေ၊ အဲ့နေကနေပြီးတော့မှာ ရဲဘော်တွေကားနဲ့လာတာကို သေနတ်နဲ့ အရင်လှမ်းပစ်တယ်လို့ပြောတယ်။ အဲ့တာနဲ့ ဝိုက်လိုက်တာလို့လည်းကြားတယ်။ KIA ကနေ သေနတ်နဲ့ အရင်ပစ်တယ်လို့လည်း ကြားတယ်၊ကောလဟာလလားတော့မသိဘူး၊ ပစ်ခတ်မှုဖြစ်တာကတော့ မှန်တယ်။ အဲ့နားက ကုမ္ပဏီက ပြောပြတာ ပစ်ခတ်မှုဖြစ်တာကမှန်တယ်တဲ့၊ ဖမ်းခံရတာတွေကတော့ ကောင်းကောင်းမသိဘူး” လို့ ဆိပ်မူဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ မကြာခဏ ဖမ်းဆီးခံရမှုတွေရှိနေပြီး စစ်ကောင်စီနဲ့ KIA တို့ကြားတိုက်ပွဲများလည်း ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။