အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းထဲက နေအိမ် တစ်သောင်းငါးထောင်ကျော် မီးရှို့ဖျက်ဆီးခံထားရ 

စစ်ကိုင်းတိုင်းထဲက နေအိမ်မီးရှို့ခံထားရမှုများ

ဇွန်စစ်ကိုင်း 

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းထဲက နေအိမ်တစ်သောင်းငါးထောင်ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့  မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့ ISP က မှတ်တမ်းပြုစုထားတာကို ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၈ မြို့နယ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ရွှေဘိုမြို့နယ်က နေအိမ် ၃၃၇၂ လုံးနဲ့ အများဆုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

မီးရှို့ခံရတဲ့ ကျေးရွာတွေက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာနေကြတဲ့ မြို့နယ်တွေဖြစ်တယ်လို့လည်း ISP က ထုတ်ပြန်ထားပါတယ်။ 

တိုင်းဒေသကြီး (၅) ခုနဲ့ ပြည်နယ် (၄) ခုမှာ ဒီလိုမီးရှို့ခဲ့တာဖြစ်ပြီး  ပြီးခဲ့တဲ့ မေလတစ်လတည်းမှာပဲ အိမ်ခြေ ခုနှစ်ထောင့်ခြောက်ရာကျော်ကို မီးရှို့ဖျက်ဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

ကနီမြို့နယ်ထဲက ကျေးရွာ ၁၆ ရွာကိုက နေအိမ်တစ်ထောင်ကျော်ကိုလည်း  စစ်ကောင်စီတပ်တွေ တစ်ပတ်အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကနီလွှတ်တော်အမတ်က ရှမ်းနီအသံကို ပြောဆိုထားပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည်အများဆုံး တိုင်းဒေသကြီးတစ်ခုလည်းဖြစ်လာသလို နေအိမ်မီးရှို့ဖျက်ဆီးခံရတာ ၊ စစ်ကောင်စီက နေအိမ်ချိတ်ပိတ်တာတွေအများဆုံးနဲ့ ခုခံတော်လှန်စစ်အများဆုံး ဆင်နွဲနေတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ 

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုက ဧပြီလကုန်အထိ  Data for Myanmar စာရင်းပြုစုထားမှုအရ နေအိမ် တစ်သောင်းကျော်မီးရှို့ခဲ့တာဖြစ်ပြီး ISP ရဲ့ ဇွန်လ ၂ ရက်နေ့ ထပ်မံထုတ်ပြန်ချက်အရဆိုရင် နေအိမ် နှစ်သောင်းနီးပါးက မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *