
စက်တင်ဘာ ၅ ၊ အင်းတော်ကြီး
စစ်တပ်က အာဏာသိမ်းမှုကြောင့် ယခင်နှစ်က စိုက်ပျိုးထားသည့် ဩဂဲနစ်စပါးများကို ရောင်းဝယ်မှုအခက်အခဲများနှင့်ကြုံတွေ့ခဲ့ရကြောင်း တောင်သူများ နှင့် အင်းတော်ကြီးသဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်းထံမှ သိရသည်။
“ ဒီနှစ်က နိုင်ငံရေးအခြေအနေကြောင့်မို့ ရန်ကုန်ကအော်ဒါတွေလည်း လုံးဝ မရှိတဲ့အတွက် စက်ရုံက စပါးနှစ်ထောင်နီးပါးလောက်ပဲကြိတ်ဖြစ်သေးတယ်။ ကျွန်တော်တို့ ပေါ်ဆန်းမွှေး စမ်းစိုက်ထားတဲ့ဟာတွေ ၊ ဧရာမင်းတို့ စမ်းစိုက်ထားတဲ့ဟာတွေ အော်ဒါတွေတော့မှာတယ်။ နောက်မှ မပို့ပေးခဲ့နဲ့တော့ ဆိုပြီးအဲ့လိုဖြစ်သွားတာ” ဟု ၎င်းအသင်းမှ ကိုကျော်မင်းထွန်းက ဆိုသည်။
ဩဂဲနစ် စိုက်ပျိုးရေးဖြင့် စိုက်ထားသည့် ချင်းသုံးစပါးကိုသာ ပေါက်စျေးထက် အနည်းငယ်စျေးပိုပြီး ရောင်းချခဲ့ကြရကြောင်း သိရသည်။
မြန်မာနိုင်ငံအောက်ပိုင်းတွင် စားသုံးမှုများသည့် ပေါ်ဆန်းမွှေး ၊ ဧရာမင်း စသည့် စပါးများ ကျန်ရှိနေကြောင်းသိရသည်။
“ရိုးရိုးစျေးနဲ့ပဲ ရောင်းရတာ ။ တချို့မသိတဲ့သူတွေကတော့ ရိုးရိုးစပါးကိုပဲဝယ်စားကြတယ်။ ဩဂဲနစ်က စျေးနှစ်ထောင်ပိုကွာတယ်ဆိုပြီး” ဟု ဩဂဲနစ်စိုက်ပျိုးရေးတောင်သူတစ်ဦးကဆိုကဆိုသည်။
အင်းတော်ကြီးဒေသတွင် ၂၀၂၀ ခုနှစ်၌ ဩဂဲနစ်စိုက်ပျိုးထားသည့် လယ်ဧက တစ်ထောင်နီးပါးရှိကြောင်း သိရသည်။
ယခင်နှစ်က ဩဂဲနစ်စပါး (၁၇)တန်ဝယ်ယူရေးကို မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း သဘောတူခဲ့သော်လည်း ကိုဗစ် 19 ကြောင့်ရောင်းချနိုင်ခြင်းမရှိခဲ့ကြောင်း အင်းတော်ကြီးသဘာဝလယ်ယာသီးနှံစိုက်ပျိုးရေးအသင်းမှ သိရသည်။