
မတ် ၃ ၊ တီဟီရန်
အမေရိကန် ၊ အစ္စရေး တို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုဟာ ဒီနေ့အထိ (၄ )ရက်နေ့မြောက်ရှိလာကာ အရှေ့အလယ်ပိုင်းဒေသမှာ ပြင်းထန်တဲ့ တင်းမာမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ဒီအတွက် ဒေသတွင်းမှာ လက်စားချေတိုက်ခိုက်မှုတွေဖြစ်ပေါ်စေခဲ့ပြီး ပိုကျယ်ပြန့်လာတာလည်းဖြစ်ပါတယ်။
အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခြင်းနဲ့ လက်စားချေတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေပြီး စွမ်းအင်စက်ရုံများကို တိုက်ခိုက်ခြင်းအပါအဝင် ဒေသအတွင်းရှိ အမေရိကန်နဲ့မဟာမိတ်ပစ်မှတ်များကို တိုက်ခိုက်နေတယ်လို့ ဝါရှင်တန်က သတိပေးခဲ့ပါတယ်။
အီရန်နိုင်ငံ၊ တီဟီရန်ရှိ အစိုးရရဲ့ အဓိကနေရာတွေနဲ့ သင်္ကေတနေရာများ၊ နိုင်ငံတော်အသံလွှင့်ဌာနနဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ အပါအဝင် နေရာအတော်များများကို တိုက်ခိုက်ခံခဲ့ရပြီး အမြင့်ဆုံးခေါင်းဆောင် အယာတိုလာအလီ ခါမေနီ အပါအဝင် သေဆုံးသူဦးရေမှာ ၆၀၀ ကျော်သွားပြီဖြစ်ပါတယ်။
အမေရိကန်နဲ့ အီရန်စစ်ပွဲဟာ ကမ္ဘော့အရေးကြီးဆုံး စွမ်းအင်လမ်းကြောင်းတွေထဲကတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားအထိ ပျံ့နှံ့သွားပြီး ကမ္ဘာ့ရေနံစျေးနှုန်းတွေလည်း မြင့်တက်စေခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်းက သုံးစွဲနေတဲ့ ရေနံတွေရဲ့ ငါးပုံတစ်ပုံ အပါအဝင် သဘာဝဓာတ်ငွေ့အမြောက်အများကို အဲ့ဒီရေလက်ကြားကနေ တဆင့် သယ်ဆောင်ဖြတ်သန်းနေရတာဖြစ်ပြီး ရေနံတင်သင်္ဘောတွေကို အီရန်က တိုက်ခိုက်မှုကြောင့် လုံးဝနီးပါး ရပ်တန့်သွားခဲ့တာပါ။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) မှ တပ်မှူးတစ်ဦးက “ရေလက်ကြားကို ပိတ်ထားပြီး ရေလမ်းကြောင်းကို ဖြတ်သန်းဖို့ ကြိုးစားတဲ့ ဘယ်သင်္ဘောကိုမဆို မီးရှို့ မယ်”လို့ တနင်္လာနေ့မှာသတိပေးထားပါတယ်။
အီရန်နဲ့အိုမန်ကို ပိုင်းခြားထားတဲ့ ရေလက်ကြားတစ်ဝိုက်မှာ အနည်းဆုံး ရေနံတင်သင်္ဘော ငါးစင်း ပျက်စီးခဲ့ပြီး ဝန်ထမ်း(၂)ဦး သေဆုံးကာ သင်္ဘော ၁၅၀ ခန့် ပိတ်မိနေတာဖြစ်ပါတယ်။
စနေနေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် ပူးတွဲတိုက်ခိုက်မှုများ မတိုင်မီ တင်းမာမှုများ မြင့်တက်လာချိန်မှာ ရေနံဈေးနှုန်းများဟာ သောကြာနေ့က တစ်စည်ကို ဒေါ်လာ ၇၃ အထိ ရောက်ရှိပြီးနောက် တနင်္လာနေ့မှာ တစ်စည်ကို ဒေါ်လာ ၇၉.၄၀ အထက်ကို မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
သင်္ဘောခြေရာခံဝန်ဆောင်မှု Kpler က တနင်္ဂနွေနေ့မှာ အီရန်နဲ့ သူ့ရဲ့ အဓိကကုန်သွယ်ဖက် တရုတ်နိုင်ငံအလံကို လွှင့်ထူထားတဲ့ သင်္ဘောတွေအပါအဝင် ရေလက်ကြားမှာ အကန့်အသတ်ဖြင့် သွားလာမှုများ ဆက်လက်ရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။
အမေရိကန် စွမ်းအင်သတင်းအချက်အလက်စီမံခန့်ခွဲရေးဌာနရဲ့ အဆိုအရ ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် တင်ပို့တဲ့ ရေနံစိမ်းအများစုကို အာရှသို့ တင်ပို့ပြီး တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ကာ တင်ပို့မှုရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရှိတာလည်းဖြစ်ပါတယ်။
