မတ် ၁၃ ၊ မိုးညှင်း
မိုးညှင်းမြို့ အောင်သပြေရပ်ကွက်(၃)ရှိ နေအိမ်အတွင်းဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မတ်လ(၁၁)ရက် ညနေ (၄)နာရီခွဲအချိန်တွင် ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားသည်ဟု ဒေသခံများထံမှ သိရပါတယ်။
အရပ်ဝတ်များဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကအိမ်စီးကားသုံးစီးဖြင့် လာရောက်ဖမ်းဆီးတာလည်း ဖြစ်ပါတယ်။
“ လောင်းကစားဝိုင်းထောင်တဲ့လူတွေကိုကျဖမ်းသွားတယ် ဆော့တဲ့လူတွေကိုကျ ထိုင်ခိုင်းထားပြီး သူတို့ဆိုင်ကယ်တွေကျ သိမ်းသွားတာ အာ့ပြီးတော့ ရဲစခန်းမှာ လက်မှတ်ထိုးလာရွေးပေါ့ လောင်းကစားဝိုင်းမှာရှိတဲ့ ပိုက်ဆံတွေပါ ယူသွားတယ် အရပ်ဝတ်နဲ့တွေ ရဲတွေလားစစ်သားတွေလား မသိဘူး စစ်တပ်ကပဲဖြစ်မှာပါ” ဟု အောင်သပြေ ရပ်ကွက်နေ လူငယ်တစ်ဦးက ဆိုပါတယ်။
လောင်းကစားဝိုင်းပိုင်ရှင်တွေကို ဖမ်းဆီးသွားပြီး လာရောက်ဆော့ကစားသူများကို ဖမ်းဆီးသွားခြင်းမရှိဘဲ ၎င်းတို့ရဲ့ ဆိုင်ကယ်တွေကိုသာ ယူဆောင်သွားကြောင်း ဆိုထားပါတယ်။
အဆိုပါလောင်းကစားဝိုင်းက ဖွင့်လှစ်ထားတာ လအနည်းငယ်ရှိပြီဟု သိရပြီး ခြောက်ကောင်ဂျင်၊ လေးကောင်ဂျင်၊ ငါးပစ်ဂိမ်း နှင့် ပေါက်စီဖဲနှင့် တစ်ခြားလောင်းကစားများစွာလည်း ပါဝင်ထားကြောင်း အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။