
စက်တင်ဘာ ၆ ၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေမှာ ဩဂုတ်လကုန်ပိုင်းကစလို့ ပေါ်တာဆွဲခံရမှုတွေဟာ ယခင်ထက်ပိုဖြစ်ပွားလာနေတယ်လို့ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေက ရှမ်းနီအသံကို ပြောပြပါတယ်။
ဧရာဝတီမြစ်တစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ စံကင်းကျေးရွာ ၊ ရွာသစ်ရွာ ၊ ခေါင်ဖူးရွာ ၊ တာလောကြီးရွာ ၊ ဦးလောက်ကျေးရွာက လူငယ်အများစုကို ကချင်လွတ်မြောက်ရေးတပ် KIA က ပေါ်တာဆွဲခေါ်တာဖြစ်တယ်လို့ သိရပါတယ်။
“ အခြေအနေကတော့ပြောမနေနဲ့ ဆက်ကြေးကောက်တာလည်းရက်စက်တယ် ။ ပေါ်တာဆွဲတာကအိမ်ပေါ်အထိဆွဲတယ်။ ရွာကလူတွေတောင် မြစ်ကြီးနားမြို့ထဲကိုပြေးနေရတာ ကျနော်တို့ပြန်ခဲ့တာတောင်ရွာထဲကလူတွေက ငိုပြီး ပြောပြကြတယ်။ ရွာမှာက လုပ်စားလို့မရတော့ဘူး ဆိုပြီးငိုပြီးပြောကြတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါ်တာမဆွဲခင်က KIA က အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး လစဉ်ကြေး တစ်အိမ်ကို တစ်သိန်းခုနှစ်သောင်း ထည့်ဝင်မယ်ဆိုရင် လူသစ်ကောက်တာ ၊ ပေါ်တာဆွဲတာတွေကို ပြုလုပ်မှာမဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
အခုနှစ်ပတ်အတွင်းမှာပဲ ပေါ်တာအဖြစ်ဖမ်းဆီးခံရသူ ဆယ်ဦးထက်မနည်းရှိပြီး ဒေသခံလူငယ် အမျိုးသားတွေ အပါအဝင် ဧရာဝတီမြစ်အတွင်း ရွှေမျှောလုပ်ကိုင်နေကြသူတွေလည်း ဖမ်းဆီးခံရမှုအတွင်း ပါဝင်တယ်လို့ သိရပါတယ်။
“ အခုကရွာမှာဆိုဘယ်သူမှ မနေရဲတော့ဘူး ကျနော်တို့ ရွာ(စံကင်းရွာ) ကပါသွားတာ တော်တော်များတယ်။ သြဂုတ်လ ၂၆ ရက်နေ့ စဆွဲတာပဲ အခုချိန်ထိ သူတို့က သံဖောင်စက်လှေနဲ့ ဆွဲတာ ရွှေလုပ်နေတဲ့မျှောသမားတွေပါ မချန်ဘူးလိုက်ဆွဲတာ၊ ငိုတဲ့သူငိုလို့ မိန်းကလေးတွေကိုတော့မဆွဲပါဘူး ယောင်္ကျားလေးကိုပဲဆွဲတာ” လို့ တိမ်းရှောင်ခဲ့တဲ့ လူငယ်တစ်ဦးကပြောပြပါတယ်။
KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ မြစ်ကြီးနားမြို့နယ်ထဲက တာလောကြီးတိုက်နယ်ကို ၂၀၂၄ ခုနှစ်မှာ အပြီးသတ်သိမ်းပိုက်ထားပြီး မြစ်ကြီးနားမြို့မှ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်တစ်လျှောက်လုံးကို ထိန်းချုပ်စိုးမိုးထားတာလည်းဖြစ်ပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့နယ်မှာ KIA က ဦးဆောင်ပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာ တစ်နှစ်နီးပါးရှိလာနေပြီး နှစ်ဖက်အကျအဆုံးရှိနေသလို တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။