PDF ၊ NUG တို့ရဲ့ ခုခံတွန်းလှန်စစ်(၄)နှစ်ပြည့်အတွင်း ဘာတွေပြောင်းလဲခဲ့လဲ 

စက်တင်ဘာ ၈ ၊ ချင်းမိုင် 

NUG က ပြည်သူ့ခုခံတွန်းလှန်စစ် စတင်ကြေညာခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ကနေစတင်ရေတွက်မယ်ဆိုရင် မနေ့က ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ 

ခုခံတွန်းလှန်စစ်(၄)နှစ်အထိ PDF တပ်ဖွဲ့များအပါအဝင် ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊၎င်းတို့မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဟာ တစ်နိုင်ငံလုံးရဲ့မြို့နယ်စုစုပေါင်း (၁၆)ရာခိုင်နှုန်းကို အပြည်အဝထိန်းချုပ်စိုးမိုးထားနေသေးကြောင်း မနေ့က    NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

PDF နဲ့ မဟာမိတ် ပူးပေါင်းတပ်များ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ထိန်းချုပ်ထားတဲ့မြို့နယ် ၂၄ ရာခိုင်နှုန်း၊ စစ်ပွဲဖြစ်ပွားနေတဲ့မြို့ ၂၁ ရာခိုင်နှုန်းရှိပြီး  စစ်တပ်အနေနဲ့ တစ်နိုင်ငံလုံးရဲ့ ၃၉ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်တဲ့အခြေအနေလို့ဆိုပါတယ်။ 

အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့နဲ့တွန်းလှန်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို  (၂၀၂၁ ခုနှစ် မေလ(၅)ရက်နေ့မှာဖွဲ့စည်းခဲ့ပြီး  စက်တင်ဘာလ(၇)ရက်နေ့မှာ ခုခံတွန်းလှန်စစ် စတင်ကြောင်း အသိပေးပြောဆိုခဲ့တာလည်းဖြစ်ပါတယ် ။

ဒါ့အပြင် ဒီ (၄)နှစ်တာကာလမှာ  မြန်မာစစ်တပ်ရဲ့  ဟယ်ရီကော်ပတာနဲ့ တိုက်ခိုက်ရေးယာဉ် (၁၁)စီးကို တိုက်ခိုက်ပစ်ချနိုင်ခဲ့ပြီး  ယာဉ်(၅)စီးရဲ့ ကိုယ်ထည်နံပါတ်တွေကိုသာ ဇယားနဲ့တကွ ဖော်ပြထားကာ  ကျန်ယာဉ်တွေကို စုံစမ်းနေဆဲဟုဆိုထားပါတယ်။

ပစ်ချခဲ့မှုထဲ  ကချင်ပြည်နယ်မှာ (၄)စီးနဲ့  အများဆုံးပစ်ခတ်နိုင်ခဲ့တာဖြစ်ပြီး  ကရင်နီ(ကယား)ပြည်နယ်မှာ(၃)စီးနဲ့ ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းတို့မှာ (၁)စီးစီ ရှိခဲ့တာကို တွေ့ရပါတယ်။

ဒီ(၄)နှစ်တာကာလအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကျခဲ့တဲ့  စစ်လေယာဉ်နဲ့ ရဟတ်ယာဉ်ပေါင်းကလည်း (၉)စီးရှိကြောင်း ဖော်ပြပါရှိပါတယ်။ 

အောင်မြင်မှုတွေရှိခဲ့ပေမယ့်  ခက်ခဲစိန်ခေါ်မှုများလည်းကြုံတွေ့နေရပြီး စစ်တပ်ရဲ့တန်ပြန်ထိုးစစ်များကို ခုခံတွန်းလှန်နေရကြောင်းလည်း ဝန်ခံထားသလို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့နဲ့စခန်းများ၊မြေပြန့်ဒေသက မဟာဗျူဟာလမ်းပိုင်းများကို အဓိကကာကွယ်ခုခံနေရတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်မရှင်ရဲ့တန်ပြန်ထိုးစစ်များကြောင့် ထိန်းချုပ်သိမ်းယူထားနိုင်သော ဗျူဟာလမ်းပိုင်းတစ်ချို့နဲ့  မြို့နယ်အချို့တို့ကို ပြန်လည်လက်လွှတ်ရမှုတွေလည်း ရှိနေတာကို သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ 

ဒီနှစ်ပိုင်းမှာ အိမ်နီးချင်းနိုင်ငံများ၊အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့ အသိအမှတ်ပြုမှုအပြင် အထောက်အပံ့တွေကို စစ်ကော်မရှင်ရရှိနေကြောင်း  NUG ယာယီသမ္မတ ဒူဝါလရှီးလက  မိန့်ခွန်းထဲ အခုလိုထည့်သွင်းပြောကြားထားပါတယ်။

မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြေးနဲ့ လက်နက်အကူအညီတွေကို ပြန်လည်ရရှိနေပါတယ် ဒါဟာ လူထုခုခံ တော်လှန်စစ်အတွက် စိတ်မကောင်းစရာကိစ္စ တစ်ခုဖြစ်ပါတယ် မြန်မာစစ်တပ်ကို စစ်ရေးနည်းပညာတွေ အကူအညီ အထောက်အပံ့ပေးနေတာတွေ့ရလို့ စိတ်မကောင်းဖြစ်မိပါတယ်” လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံကို စစ်ကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ခရီးစဉ်အတွင်း တရုတ် ၊ရုရှား၊ အိန္ဒိယ က သမ္မတတွေနဲ့တွေ့ဆုံမှုရှိခဲ့ပြီး ရွေးကောက်ပွဲအကြောင်းဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *