မိုးကုတ်မှာစစ်တပ်ထံအလင်းဝင်တဲ့လီဆူတပ်ဖွဲ့ဝင် TNLA ပြောတဲ့၅၀ကျော်မဟုတ်ဘဲ၂၀၀ဖြစ်နေ

နိုဝင်ဘာ ၁၀၊ မိုးကုတ်

TNLA တပ်မှ ဦးဂူဆီး ဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင်က အောက်တိုဘာလမှာ စစ်တပ်ထံကို အလင်းဝင်သွားတယ်လို့ တအာင်း (ပလောင်)တပ် TNLA ထုတ်ပြန်ခဲ့ပြီးနောက် ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ စစ်တပ်ဘက်ကလည်း ကြိုဆိုတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

TNLA ထုတ်ပြန်ခဲ့တဲ့အထဲမှာ လီဆူတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်ပေါင်း အယောက် (၅၀) ကျော်သာ အလင်းဝင်သွားတာလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့  Voice of Myanmar ရဲ့ ဒီကနေ့ မနက်ပိုင်း တိုက်ရိုက်ထုတ်လွင့်တဲ့ရုပ်သံထဲမှာ  လီဆူတပ်ဖွဲ့ဝင်ပေါင်း (၂၀၀) ဦး အလင်းဝင်လာတယ်လို့ ဖော်ပြလာတာပါ။

မိုးကုတ်၊ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေမှာ TNLA နဲ့အတူ ပူးပေါင်းဆင်နွှဲခဲ့ပြီးနောက် အဆင်မပြေမှုများစွာ ရှိခဲ့တာကြောင့် အခု စစ်တပ်နဲ့ လာရောက်ပူးပေါင်းရခြင်း ဖြစ်တယ်လို့ လီဆူဗျူဟာမှူး ဦးဂူဆီးက ပြောထားပါတယ်။

တပ်ဖွဲ့ဝင် ၂၀၀ ဦးအပြင် AK-47၊ M22၊ Type 81 လက်နက်ပေါင်း ၈၄ လက်၊ ပစ္စတို ၃ လက်၊ 7.62 mm ကျည် ၁၄၆၀ တောင့်နဲ့ 9 mm ကျည် ၇ တောင့် စတဲ့ လက်နက်ခဲယမ်း အများအပြား ပါဝင်ခဲ့ကြောင်း သိရပါတယ်။

အလင်းဝင်ကြိုဆိုပွဲကို မိုးကုတ်မြို့မှာ မိုးလုံလေလုံအားကစားကွင်းထဲမှာ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အလင်းဝင်လာတဲ့ လီဆူတပ်တွေဟာ  “လီဆူငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအဖွဲ့” ကို ဖွဲ့စည်းပြီး မိုးကုတ်မြို့ လုံခြုံရေးတာဝန်ကို စစ်တပ်နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

နောက်ထပ် တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း ကျန်ရှိနေတဲ့ လီဆူတိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ အခုလို လာရောက် အလင်းဝင်ပူးပေါင်းဖို့ကိုလည်း သူက တိုက်တွန်းထားပါသေးတယ်။

TNLA ဘက်ကတော့ “လီဆူတပ်ဖွဲ့ဝင်တွေဟာ လိုက်နာစောင့်ထိန်းရတဲ့ ကတိသစ္စာကို ဖောက်ဖျက်ခဲ့မှုကြောင့် လီဆူတပ်ဖွဲ့နဲ့ ကင်းကွာပြီ ဖြစ်သလို ဦးဂူဆီး တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ဖိနှိပ်တာတွေ ပြုလုပ်လာရင်တော့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း” အောက်တိုဘာလမှာ သတိပေး ထုတ်ပြန်ထားပါတယ်။

လီဆူတပ်ဖွဲ့ဟာ ၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအတွင်း မိုးကုတ်၊ မိုးမိတ်ဒေသတို့မှာ TNLA နဲ့ ပူးပေါင်းတိုက်ပွဲ ဖော်ဆောင်သိမ်းပိုက်ခဲ့ပြီးနောက် မိုးကုတ်မြို့စောင့်တပ်ဖွဲ့အဖြစ် တာဝန်ယူခဲ့တာလည်း ဖြစ်ပါတယ်။

။

Leave a Reply

Your email address will not be published. Required fields are marked *