
နိုဝင်ဘာ ၉၊ မော်လူး
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လူးမြို့အနီး တိုက်ပွဲတွေကြောင့် အနီးအနားကျေးရွာမှဒေသခံတွေဟာ မိုးညှင်းမြို့ နဲ့ အင်းတော်မြို့နယ် နဘားကျေးရွာဘက်သို့ စစ်ဘေးတိမ်းရှောင်ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
“ဆိုင်ကယ်တွေနဲ့ပဲ အထုတ်ကြီးအထုတ်ငယ်နဲ့ပါ့။ ကားနဲ့မှ သယ်မရတာ ဘုန်းကြီးကျောင်းတွေမှာ ရောက်နေပြီ အတိအကျတော့ မသိဘူး ရွေ့လာတာ နဘားဘက်လည်း ရွေ့ကြတာရှိတယ်” လို့ မိုးညှင်းဒေသခံတစ်ဦးက ပြောပြပါတယ်။
မော်လူးမြို့ဘက်က စစ်ဘေးတိမ်းရှောင်လာကြတဲ့ ဒေသခံတွေဟာ နန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ ကားဖြတ်သန်းခွင့် မပေးမှုများကြောင့် ဆိုင်ကယ်နဲ့သာ ပစ္စည်းသယ်ထုတ်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မိုးညှင်းမြို့၊ ရန်ကင်းရပ်ကွက်နဲ့ သာစည်ရပ်ကွက်၊ ထီးလင်းကျောင်းတိုက်တွေမှာ လာရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။
မိုးညှင်းမြို့ထဲကို လာရောက်စစ်ရှောင်ကြတဲ့ အရေအတွက်ကိုတော့ အတိအကျမသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း စစ်ကိုင်း-ကချင်နယ်စပ် ပေကုန်းကျေးရွာ အနီး မှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေလို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြရင်း ပိတ်မိနေတဲ့ ဒေသခံတွေလည်း ရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မြစ်ကြီးနားဘက်ကို လာမယ့် အတက်ကားတွေကို ကချင်ပြည်နယ်အစပ် နန့်စီးအောင်စစ်ဆေးရေးဂိတ်မှာ စစ်တပ်က အဝင်အထွက် ပိတ်ပင်ထားပြီး ကသာမြို့မှာ ရောက်ရှိနေပြီဖြစ်တဲ့ ကားတွေကိုတော့ မန္တလေးကို ပြန်ခေါက်ခိုင်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အင်းတော်မြို့နယ် (ပ.အ.ဖ) က ခရီးသွားကားတွေနဲ့ ကုန်တင်ယာဉ်တွေကို နဘားရွာဘက်ကို အမြန်ဆုံး ရွှေ့ပြောင်းကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သတိပေးထားသလို ထီးချိုင့်-ကသာလမ်းနဲ့ ကသာ-မော်လူးလမ်းကို ဒေသခံတွေ အသုံးမပြုကြဖို့နဲ့ ထိခိုက်မှုဖြစ်လာရင် တာဝန်မယူဘူးလို့ ကသာမြို့နယ် (ပ.က.ဖ) ကလည်း ဖော်ပြထားပါတယ်။
ပေကုန်းကျေးရွာနဲ့ မန်ဟဲကျေးရွာအပါအဝင် လမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၅ ရက်နေ့ကနေ စစ်တပ်နဲ့ KIA+PDF ပူးပေါင်းအဖွဲ့တွေဟာ မော်လူးမြို့နဲ့အနီးတဝိုက်ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေတာ ၅ ရက်ထက် မနည်းရှိလာနေပြီး လက်နက်ကြီးကျရောက်မှုများကြောင့် လမ်းပိုင်းအတွင်း ပိတ်မိနေတဲ့ ဒေသခံတစ်ချို့နဲ့ ကားသမားများလည်း ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့သိရပါတယ်။
