ဖားကန့်မှာ တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်ခွင့်ပေးဖို့ လွှတ်တော်မှာမေးမြန်း 

နိုဝင်ဘာ ၆၊ ဖားကန့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ရတနာနယ်မြေမှာ တစ်နိုင်တစ်ပိုင် တရားဝင်ကျောက်စိမ်းတူးဖော်ခွင့်ပြုဖို့ ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြည်သူ့လွှတ်တော်မှာ တင်သွင်းတောင်းဆိုခဲ့တယ်လို့သိရပါတယ်။

“ နိုင်ငံ‌တော်မူဝါဒ (Policy ) အနေနဲ့ကျောက်စိမ်းတူးဖော်မှုကိုယာယီပိတ်သိမ်းထားပေမဲ့ ဒီလုပ်ငန်းတွေအပေါ် အများကြီးမှီခိုနေရတဲ့  မိဘပြည်သူတွေများစွာရှိပါတယ်။ အဲအတွက်ကြောင့် ကျွန်တော်တို့ ပြည်သူတွေအတွက်အဆင်ပြေမယ်လို့ထင်တယ်” လို့ သူကပြောပါတယ်။

အကြီးစားနဲ့ အလတ်စား တူးဖော်မှုတွေကိုခွင့်ပြုပေးတာမျိုးမဟုတ်ဘဲ ဒေသခံများရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အသေးစား၊ လက်လုပ်လက်စားတွေကို တူးဖော်ခွင့်ပြုပေးဖို့ တောင်းဆိုတာလို့ သိရပါတယ်။

ဒါ့အပြင် ဖားကန့်‌ဒေသကထွက်တဲ့ သယံဇာတတွေဟာ  ဖားကန့်အပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်း၊မန္တလေးက ဒေသခံများရဲ့ ဘဝရပ်တည်ရေးအတွက် အဓိက မှီခိုနေရတာကြောင့်  ဒီဒေသတွေအတွက် ရည်ရွယ်တယ်လို့ ထပ်လောင်းပြောဆိုထားပါတယ်။

စစ်ကော်မရှင်က ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်ထဲက ဖားကန့်၊လုံးခင်း နဲ့ စစ်ကိုင်းတိုင်းရှိ မော်လူး နဲ့ မော်ဟန် စတဲ့ဒေသတွေမှာ ကျောက်စိမ်းရိုင်းတူးဖော်ခွင့်ကို ပိတ်ပင်ခဲ့တာပါ။

ဒီဒေသတစ်စိတ်တစ်ပိုင်းဟာ  တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားတာကြောင့် အခုလို သယံဇာတတူးဖော်ဖွင့် ပိတ်ပင်လိုက်တာလည်း ဖြစ်ပါတယ်။ 

ဒီလိုပိတ်ပင်ထားပေမဲ့ လက်ရှိမှာတော့ ဖားကန့်မြို့ပေါ်ကလွဲပြီး ဖားကန့်ဒေသအားလုံးနီးပါးနဲ့ မော်လူး၊မော်ဟန် ရှိအချို့နေရာတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ငွေကြေးနဲ့ ရာခိုင်နှုန်းအလိုက် အစုရှယ်ရာများ ရယူပြီး တူးဖော်ခွင့်ပြုထားပါတယ်။ 

တချို့မြေနေရာလုပ်ကွက်အများစုကိုလည်း ဖက်စပ်လုပ်ကိုင်တူးဖော်ထိန်းချုပ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။

ပြည်တွင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလက ပြုလုပ်တဲ့  (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအခမ်းအနားအတွင်း ကျောက်စိမ်းအတွဲပေါင်း ၃,၀၇၃ တွဲကို ပြသခဲ့ပြီး ကျောက်စိမ်းတူးဖော်ခွင့်ပိတ်ထားတဲ့ ဖားကန့်မြို့နယ်က ကျောက်စိမ်းအတွဲအများဆုံးပါဝင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *