
နိုဝင်ဘာ ၅၊ မြစ်ကြီးနား
မန္တလေးမြို့ကနေ မြစ်ကြီးနားကိုတက်လာတဲ့ စစ်ယာဥ်တန်းတွေကိုလမ်းပိုင်းတစ်လျှောက်အတွင်း တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့မှုများကြောင့် စစ်ကားတစ်ချို့ မီးလောင်ပျက်စီးမှုများရှိခဲ့တယ်လို့ ဒေသခံများမှ သိရပါတယ်။
ဖြစ်စဉ်မှာ မနေ့က နိုဝင်ကာ (၄) ရက်နေ့က မော်လူးမြို့နဲ့ အင်းတော်မြို့ကြားမှာ KIA+PDF ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် စီပိန်းကျေးရွာအနီးတွင် စစ်တပ်ကား (၁) စီး မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် ဒီနေ့ မနက်ပိုင်းမှာလည်း မော်လူးမြို့အတွင်းမှာ ရပ်တန့်ထားတဲ့ ခရီးသည်တင်ယာဉ်များ ဒရုန်းနဲ့တိုက်ခိုက်ခံရမှုတွေဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ယာဉ်မောင်းတွေထံကနေ သိရပါတယ်။
စစ်တပ်ယာဉ်တန်းတွေ မန္တလေးမှ မြစ်ကြီးနားသို့တက်လာတာကြောင့် ကသာ-အင်းတော်-မော်လူး လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားပြီး ရာနဲ့ချီတဲ့ ယာဉ်တွေပိတ်မိနေတာလည်းဖြစ်ပါတယ်။
စစ်ယာဉ်တန်းတွေဟာ နိုဝင်ဘာ (၃) ရက်နေ့ကလည်း ထီးချိုင့်-ကသာ လမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ကား (၃) စီးမီးလောင် ပျက်စီးခဲ့ရပါသေးတယ်။
အဲဒီစစ်ယာဉ်တန်းဟာ မန္တလေးကနေ ထီးချိုင့်-ကသာ လမ်းအတိုင်း မြစ်ကြီးနားဘက်ကို လာခဲ့တာဖြစ်ပြီး အစီးရေ (၁၂၀) ကျော်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တိုက်ခိုက်ခံရမှုများထဲက စစ်ယာဉ်တန်းတွေဟာ လက်နက်၊ ရိက္ခာ ခဲယမ်းတွေပါဝင်ပြီး အစီး (၈၁) စီးသာ မြစ်ကြီးနားမြို့ကို နိုဝင်ဘာ (၄) ရက်နေ့ ညနေပိုင်းမှာ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က ဒီလမ်းပိုင်းတွေကို အခုနှစ်ပိုင်းကစလို့ ပြန်လည်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မန္တလေးကနေ မြစ်ကြီးနားကို စစ်ယာဥ်တန်းရှည်နဲ့ ရိက္ခာပို့ဆောင်နေတာ ၅ ကြိမ်ထက်မနည်း ရှိနေပြီလည်းဖြစ်ပါတယ်။
