
နိုဝင်ဘာ ၅ ၊ ကောလင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းက လျှော်ဖြူကုန်းကျေးရွာအနီးမှာရှိတဲ့ NUG ရဲ့ ဆေးရုံတစ်ခုဟာ မနေ့က နိုဝင်ဘာလ ၄ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။
“ ကောလင်းရဲ့ကျန်းမာရေးအသက်သွေးကြောမကြီးကို အပြီးတိုင်ဆုံးရှုံးလိုက်ရတာဟာ အစားပြန်မရနိုင်တဲ့ဆုံးရှုံးမှုကြီးပါ ၊နှမြောတယ် ရင်နာတယ်” လို့ ကောလင်းမြို့နယ်က တော်လှန်ရေးအဖွဲ့ “ပြည်တော်ဝင်ရိက္ခာ ကောလင်း” က အသိပေးထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ ဇာနည်ထွန်း (ခ) ပွကြီး အပါအဝင် ဆေးဝန်ထမ်း (၅) ဦး သေဆုံးခဲ့ပြီး ဆေးရုံတက်ရောက်ကုသနေသူတွေလည်း ထိခိုက်ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ ကောလင်းစစ်ရေးသတင်းတွေက ဖော်ပြပါတယ်။
မနေ့က နိုဝင်ဘာလ ၄ ရက်နေ့ ည ၇ နာရီအချိန်မှာ လေကြောင်းတိုက်ခိုက်ပြီး နာရီပိုင်းအကြာ စစ်တပ်က ထုတ်ပြန်တဲ့အထဲမှာ သေဆုံးသူ ၈ ဦး ၊ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိတယ်လို့ Telegram Channel တွေမှာ ဆိုထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးတော့ NUG က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။
ဆေးရုံဟာ မန္တလေး-ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းနဲ့ မိုင်အနည်းငယ်အကွာမှာရှိပြီး အမှတ် ၁ စစ်ဒေသ၊ကောလင်းPDF တပ်တွေရဲ့ ထောက်ပို့ဆိုင်ရာလုပ်ငန်းတွေလည်ပတ်တဲ့နေရာလို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ ကောလင်းမြို့နယ်အတွင်း ဆေးကုသရေးဆိုင်ရာလုပ်ငန်းတွေရပ်ဆိုင်းသွားကြောင်း ဒေသခံတွေက လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားကြပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းက ဗျူဟာလမ်းပိုင်းတွေကို ပြန်ဖွင့်နိုင်ရေးအတွက် စစ်တပ်က စစ်ကြောင်းတွေထိုးနေပြီး ကောလင်း နဲ့ အင်းတော်မြို့နယ်ထဲမှာလည်း စစ်ကြောင်းအသီးသီးနဲ့ KIA+PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။
ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်းပိုင်းပေါ်ရှိ ကောလင်းမြို့နယ်၊ ဒိုးပင်တောင်ရိုးကနေ ကောလင်းဘက်ကို စစ်တပ်က စစ်ကြောင်းထိုးလာနေသလို ၊ အင်းတော်မြို့နယ် ကျောင်းကုန်းကျေးရွာဘက်မှလည်း စစ်ကြောင်းထိုးလာနေတယ်လို့ Kawlinn Revolution က အသိပေးထားပါတယ်။
