
နိုဝင်ဘာ ၁၀၊ ဟုမ္မလင်း
စစ်ကိုင်းတိုင်း အထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ်အစပ်က တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်လာသူတွေကို ရှမ်းနီစစ်ရှောင်ကူညီထောက်ပံ့ရေးနဲ့ လူသားချင်းစာနာရေးအဖွဲ့ (SRAHO) က စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
မနေ့က နိုဝင်ဘာ ၉ ရက်နေ့က စစ်ရှောင်တွေကို ကူညီနေတဲ့ သဲဟင်းကျဲ စစ်ရှောင်စခန်းကော်မတီအဖွဲ့ထံ လှူဒါန်းခဲ့တာလို့ဆိုပါတယ်။
အိမ်ထောင်စုပေါင်း (၅၆၀) စာအတွက် တစ်အိမ်ထောင်ကို ဆန် (၃) ပြည်နှုန်းနဲ့ သွားရောက်ထောက်ပံ့ခဲ့တာပါ။
စစ်ဘေးတိမ်းရှောင်လာကြသူတွေဟာ သောင်ဦး၊ ရာလာတီး၊ ပါဟုတ်ကြီး၊ ရေပေါ်မီး၊ တာမယ်ပုတ်နဲ့ သဲစလောက် စတဲ့ကျေးရွာတွေကနေ ခိုလှုံလာကြခြင်း ဖြစ်ပါတယ်။
အဆိုပါ ဒေသခံတွေဟာ သဲဟင်းကျဲကျေးရွာနဲ့ လှည်းဝိုင်းကျေးရွာ တို့မှာ လာရောက်တိမ်းရှောင်နေကြတာပါ။
စစ်ရှောင်အိမ်ထောင်စု ၅၆၀ ကျော်ထဲ ရပ်ဆွေရပ်မျိုး နေအိမ်တွေထံ လာရောက်ခိုလှုံနေကြသူတွေ ရှိသလို ဥရုမြစ်ရိုးတစ်လျှောက်ရှိ ကမ်းနံဘေးတွေမှာလည်း ယာယီတဲများနဲ့ နေထိုင်နေသူတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ရှောင်လာသူဦးရေ ၃၀၀၀ ကျော်က နေထိုင်ရေးနဲ့ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှစကာ သောင်ဦးကျေးရွာအနီးမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ KIA+PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လကုန်ပိုင်းမှာတော့ အဲဒီဒေသက ရွှေမှော်တွေမှာရှိတဲ့ SNA ရဲ့ တပ်စခန်းတစ်ချို့လည်း ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
