ဇွန် ၂၁ ၊ ဗန်းမောက်
စစ်ရေးတင်းမာမှုတွေကြောင့် ဗန်းမောက်မြို့နယ်တစ်ခုလုံးရှိ စာသင်ကျောင်းတွေ ပိတ်ထားရပြီး လက်ရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဗန်းမောက်မြို့ပေါ်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ စီစဥ်နေကြတယ်လို့ ရှမ်းနီအသံက စုံစမ်းသိရှိရပါတယ်။
ယခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ ကျောင်းအပ် စတင်လက်ခံခဲ့ပြီး ကျောင်းသားအရေအတွက်ပေါ် မူတည်ပြီးတော့ မြို့ပေါ်က စာသင်ကျောင်းတွေကို ဖွင့်လှစ်သွားမယ်လို့ ကျောင်းသားမိဘ တစ်ဦးက ရှမ်းနီအသံကို ပြောပါတယ်။
“အောင်သာကုန်းမှာ အားလုံး စုပြီးတော့ လက်ခံတာပ။ အောင်သာကုန်းနှင့် မြို့မနဲ့ အရင်ဆုံးဖွင့်မှာ ကျောင်းအပ်ပြီးတော့။ အောင်သာကုန်းနှင့် မြို့မက လူဦးရေပြည့်သွားပြီဆိုလို့ရှိရင် လွှစင်ကုန်း နှင့် အထက ဖွင့်မှာ။” ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်က စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးမှာ ပါဝင်နေတဲ့ နောက်ထပ် ကျောင်းသားမိဘတစ်ဦးက လုံခြုံရေးပေးနိုင်တဲ့အပေါ်မှာ မူတယ်ပြီးတော့ စာသင်ကျောင်းများ တိုးဖွင့်သွားဖို့ ရှိတယ်လို့ ပြောပြလာပါတယ်။
“အေး တဖြည်းဖြည်းနဲ့တော့ အဲ့လို တိုးသွားမှာပါ့အေး။ လုံခြုံရေးအရပါ့အေး။” လို့ ကျောင်းဖွင့်လှစ်ရေးမှာ ပါဝင်နေတဲ့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။
ဗန်းမောက်မြို့နယ်က အခြေခံပညာကျောင်းများ ဖွင့်လှစ်တာဟာ တိုင်းပညာရေးရုံးရဲ့ ညွန်ကြားချက်ကြောင့်ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရှိရပါတယ်။
ဇွန်လ ၂၀ ရက်နေ့က ရရှိထားတဲ့ သတင်းအရ ကျောင်းလာအပ်တဲ့ ကျောင်းသားအရေအတွက်က တစ်ရာကျော်ရှိတယ်လို့လည်း သိရှိရပါတယ်။
ဗန်းမောက်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျောင်းများပိတ်ထားရပြီး ကျောင်းသား/သူ တချို့က ဗန်းမောက်မြို့နယ် နီးစပ်သည့် မြို့နယ် နှင့် မြို့ကြီးတွေမှာ သွားရောက်ပညာသင်ကြားနေကြရတာလည်းဖြစ်ပါတယ်။
ရှမ်းနီအသံက စုံစမ်းသိရှိထားမှုအရ အလယ်ရွာ နှင့် ကံရွာ နှစ်ရွာတည်းနဲ့တင် မြို့နယ်ပြင်ပမှာ ကျောင်းသွားထားကြတဲ့ ကျောင်းသားအရေအတွက်က နှစ်ရာကျော်တယ်လို့လည်း သိရှိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း (၂၈၆)ကျောင်းရှိပြီး နှစ်စဉ် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား နှစ်သောင်းခုနှစ်ထောင်ကျော် နှစ်စဉ်ပညာသင်ကြားတာလည်းဖြစ်ပါတယ်။