ကတူးကျေးရွာများမှစစ်ဘေးရှောင်များကိုရှမ်းနီဒေသခံများနဲ့အဖွဲ့အစည်းများကကူညီ

နောက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကူညီထောက်ပံ့မှုများပေးအပ်နေစဉ်/ Credit

အောက်တိုဘာ ၈ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကတူးတိုင်းရင်းသားကျေးရွာများမှ စစ်ဘေးရှောင်သူများကို ရှမ်းနီဒေသခံများနဲ့ အဖွဲ့အစည်းများက ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့နယ်ရှိ ခိုပြင် ၊ ညောင်သာယာ မှ ဒေသခံ ၁၅၀ ကျော်ဟာ ရှမ်းနီအမျိုးသားများတပ်မတော် SNA  ထိန်းချုပ်တဲ့ မံအင်မင်းကုန်းအုပ်စု အနောက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ စစ်ဘေးတိမ်းရှောင်နေကြရတာပါ။ 

စစ်ရှောင်အိမ်ထောင်စုတစ်စုကို  ငွေကျပ်ငါးသောင်း၊  ဆန်နှစ်အိတ်၊  ဆီတစ်ပုံးနဲ့ စားနပ်ရိက္ခာတွေကို အိမ်ထောင်စု (၄၅) စု ၊   လူဦးရေ ၂၂၄  ဦးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ 

အဲ့ဒီထောက်ပံ့မှုမှာ SNA တပ်မဟာ ၆၁၄ နဲ့ ဆီလုပ်ငန်းရှင်တွေ က ဦးဆောင်ခဲ့သလို ဟုမ္မလင်းမြို့က မြို့မကျောင်းဆရာတော်လည်း ပါဝင်ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။ 

“ ကျွန်တော်တို့ကျေးရွာကသူတွေစစ်ဘေးရှောင်လာကြတာ၊အိမ်ကနေဘာပစ္စည်း၊ဘာစားစရာမှကိုပါမလာကြပဲစစ်ရှောင်လာကြရတာပါ၊ဒီကိုရောက်မှအစစအရာရာ၊စားသောက်ဖွယ်ရာ၊ပစ္စည်းတွေနဲ့ငွေရေးကြေးရေး၊နေထိုင်စရာ၊အိတ်ဖို့ရာနေရာတွေကိုစီစဥ်ဆောင်ရွက်ပေးတဲ့အတွက်ဟုမ္မလင်းမြို့ မြို့မကျောင်းဆရာတော်ဘုရားကြီး၊၊မံအင်မင်းကုန်းအုပ်စုအတွင်းကတာဝန်ရှိသူများ၊ကျေးရွာသူ၊ကျေးရွာသားများနဲ့ဆီလုပ်ငန်းရှင်ကြီးများကိုအများကြီးကျေးဇူးတင်ပါတယ်ဗျ”ဟုခိုပြင်ကျေးရွာသားတစ်ဦးက ဆိုပါတယ်။ 

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့်  ခိုပြင်ကျေးရွာမှအိမ်ထောင်စု(၃၀)စု၊ ညောင်သာယာကျေး ရွာမှအိမ်ထောင်စု(၂၁)စုနှင့် ဗန်းမောက်မြို့ပေါ်နေ အိမ်ထောင်စု(၅၀၀)ကျော်တို့က စစ်ဘေးလွတ်ရာကျေးရွာတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ထွက်ပြေတိမ်းရှောင်နေကြရကြောင်း သိရပါတယ်။ 

တိုက်ပွဲတွေကြောင့် လွတ်မြောက်ရာဒေသတွေကို ထွက်ပြေးကြတဲ့  စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ နဲ့ လုံခြုံရေးကို SNA နဲ့  PDF တို့က ကူညီစောင့်ရှောက်ပေးဖို့အတွက် ကတူးအရပ်ဘက်အဖွဲ့အစည်းတွေက မနေ့က အရေးပေါ်ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ 

စစ်ဘေးရှောင်တွေကို ကူညီဖို့အတွက်အရေးပေါ် အကူအညီနဲ့ စစ်ဘေးအလွန်ကာလ ပြန်လည်ထူထောင်ရေးအတွက် ရံပုံငွေအနည်းဆုံး ကျပ်သိန်း ၂၀၀ လိုအပ်မှာဖြစ်တဲ့အကြောင်းလည်း တစ်ပါးတည်းထုတ်ပြန်ထားပါတယ်။ 

လက်ရှိအချိန်မှာ ဗန်းမောက်မြို့နဲ့ တစ်မိုင်ပတ်ဝန်းကျင်တွေမှာ SNA နဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ 

တိုက်ပွဲတွေဟာ ဗန်းမောက်မြို့အနီးက စက်တောကျေးရွာ ၊ ခမိုးကျေးရွာအထိ ပြန်လည်ဖြစ်ပွားလာနေတာလည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို NUG အမှတ် (၁) စစ်ဒေသက ဦးဆောင်ပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာ မြို့ကို သုံးပတ်နီးပါးကြာ ထိန်းချုပ်ထားပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *