
မေ၁၆၊မန္တလေး
ဆယ်စုနှစ်တစ်ခုအတွင်းမှာ ကျောင်းသား/သူ ၈၀ ရာခိုင်နှုန်းဟာ အခြေခံပညာအဆင့် ပြီးဆုံးသည်အထိ ပညာမသင်ကြားခဲ့ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့ မှတ်တမ်းအရ တွေ့ရှိရပါတယ်။
ကျောင်းကို စတင်ဝင်လာရောက်သူစုစုပေါင်းရဲ့ သုံးပုံတစ်ပုံဟာ မူလတန်းအထိသာကျောင်းတက်ကြပြီး ထက်ဝက်ကျော်လောက်ဟာ အလယ်တန်းအဆင့်အထိ တက်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်။
အထက်တန်း/ တက္ကသိုလ်ဝင်တန်းအဆင့်ကို တက်ရောက်တဲ့ ကျောင်းသူ/သားတွေဟာ ၂၀ ရာခိုင်နှုန်းနီးပါးသာရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာမသိမ်းမီက နှစ်စဉ် ကျောင်းသား/သူ ၉ သန်းမှ ၁၀ သန်းနီးပါးအပ်နှံကြပြီး အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ကျောင်းအပ်နှံသူထက်ဝက်နီးပါးလျော့ကျလာခဲ့တာလည်းဖြစ်ပါတယ်။
အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ ကျောင်းသား/သူ ၅.၃ သန်း သာ အပ်နှံခဲ့ကြသလို ၂၀၂၂ ခုနှစ်မှာ ၇ သန်းကျော် ၊ ၂၀၂၃ ခုနှစ်မှာ ၈ သန်း နဲ့ ၂၀၂၄ ခုနှစ်မှာ ၇ သန်းကျော် အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကြောင့် စစ်ကောင်စီလက်လှမ်းမမှီနိုင်တဲ့ဒေသမှာ NUG က ကြားကာလ ပညာရေးစနစ်တွေဖော်ဆောင်ပြီးပညာသင်ကြားနေတာလည်းဖြစ်ပါတယ်။
“ အသက် ၁၀-၁၉ နှစ်ကြားကလေးတွေမှာလည်း ကျောင်းထွက်ရမှုနှုန်း မြင့်မားပါတယ်” လို့ UNICEF က ပြောဆိုထားပါတယ်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြပြီး အသက် ၁၂ နှစ်မှစ၍ ကျောင်းတက်နှုန်းကျဆင်းလာကာ အသက် ၁၄ နှစ် နောက်ပိုင်းအလယ်တန်းပြီးမြောက်ချိန်တွင် သိသိသာသာကျဆင်းလာတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အခြေခံပညာအလယ်တန်းကျောင်း ၁၃၈၇၉ ကျောင်း၊ မူလတန်းကျောင်း ၂၁၅၅၀ ကျောင်းရှိပြီး မြို့ပြဒေသတွင် အခြေခံပညာအလယ်တန်းကျောင်း ၁၆၂၆ ကျောင်း၊ မူလတန်းကျောင်း ၃၃၁၈ ကျောင်းရှိတယ်လို့ သိရပါတယ်။
