

အောက်တိုဘာ ၂ ၊ လွိုင်တိုင်းလျန်း
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေကို လေးစားလိုက်နာဖို့အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA က တိုက်တွန်းထားပါတယ်။
ထိုင်းလူငယ်တွေကို ဓားနဲ့လိုက်ခုတ်တဲ့ ရှမ်းလူငယ်ဂိုဏ်းတစ်ခုက လူငယ် ၁၆ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။
ထိုင်းနိုင်ငံရောက် ရှမ်းလူငယ်တချို့က အုပ်စုဖွဲ့ပြီး ရိုက်နက်မှုဖြစ်စဉ်တွေက အခုနှစ်မှာ နှစ်ကြိမ်ထက်မနည်းဖြစ်ပွားလာခဲ့ပြီးနောက် RCSS/SSA က ထုတ်ပြန်လာခြင်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံက မြို့ကြီးတချို့မှာ ထိုင်းနိုင်ငံမှာ မွေးဖွားလာတဲ့ ရှမ်းလူငယ်တချို့က ဂိုဏ်း၊ အစုအဖွဲ့တွေ တည်ထောင်ပြီး ရိုက်နက်တာ ၊ ခိုက်ရန်ဖြစ်ပွားတာတွေကို ပြုလုပ်နေတာတွေကို RCSS/SSA က ဆန့်ကျင်တ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်းက စစ်ရေးနဲ့ စားဝတ်နေရေး အသက်မွေးဝမ်းကြောင်းအခက်အခဲတွေကြောင့် ထိုင်းနိုင်ငံအတွင်းကို ရှမ်းတိုင်းရင်းသားတွေ ရွေ့ပြောင်းနေထိုင်ကြတာ နှစ်ပေါင်းများစွာကြာမြင့်နေပြီလည်းဖြစ်ပါတယ်။
ဒီလိုနှစ်ပေါင်းများစွာအတွင်းမှာ ထိုင်းနိုင်ငံရဲ့ဥပဒေကို လေးစားလိုက်နာမှုတွေရှိခဲ့ပေမယ့် လူနည်းစုတွေက ဥပဒေချိုးဖောက်မှုတွေရှိခဲ့တာတွေကြောင့် ရှမ်းလူမျိုးတို့ရဲ့ နေထိုင်လုပ်ကိုင်မှုတွေအပေါ် အထင်မှားတာတွေနဲ့ အထင်မြင်သေးမှုတွေကိုလည်းခံခဲ့ကြရတယ်လို့ RCSS/SSA က ပြောဆိုထားပါတယ်။