
အောက်တိုဘာ ၂ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်က တိုက်ပွဲတွေအတွင်း စစ်ဘေးရှောင်တွေကို သွားရောက်ကူညီနေစဉ်အတွင်း Drop ဗုံးကြောင့် ရှမ်းနီစာ/ယဉ်မှ လူငယ် ဆေဝင်းဗိုလ် သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲအတွင်း ပိတ်မိကာ ပင်ဟင်းခါးကျေးရွာအနီးမှာ Drop ဗုံးထိမှန်ပြီးတဲ့နောက် မံစီကြီး ဆေးရုံမှ တဆင့် ဟုမ္မလင်း ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့တာလို့ သိရပါတယ်။
“ ကျွန်တော်တို့အဖွဲ့က အင်္ဂလိပ်ရက်နေ့လို ၂၃ ရက်နေ့မှာ ပင်ဟင်းခါးကိုသွားခဲ့ကြတယ်။ ဗန်းမောက်တိုက်ပွဲကနေ မထွက်နိုင်တဲ့သူတွေကို သွားထုတ်ခဲ့တာ။ အဲ့လိုသွားတော့ ၁၀ ယောက်ကျော်သွားခဲ့တယ်။ ဗန်းမောက်ဘက်ကိုသွားမလို့ KIA+PDF တွေက ရွှေကျောင်းနားကို ရောက်ထားပြီ။ ကျွန်တော်တို့ဆက်သွားလို့မရတော့ဘူး။ ကျွန်တော်တို့က လုံခြုံရေးအရ သွားလို့မရတော့ဘူး။ ၂၄ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်တယ်။ ၇နာရီလောက်မှာ စဖြစ်တယ်။ ၈ နာရီ ၉ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ တစ်ဖက်က(KIA+PDF)က ဒရော့ဗုံးနဲ့ ပစ်လာတဲ့ဟာကို သူက ထွက်ပြေးသေးတယ်။ ဒရော့ဗုံးကျတဲ့နေရာက သူပြေးတဲ့နေရာဖြစ်နေတာ။ ဒရော့ဗုံးက သူ့ခေါင်းကိုတည့်တည့်ကြီးကျတာ။ ဆေးရုံ မံစီမှာ လုပ်သေးတယ်။ မရတော့ ဟုမ္မလင်းကိုခေါ်သွားတယ်။ မရတော့ဘူး” လို့ မံစီကြီးဒေသစိပ် ရှမ်းနီ(တိုင်းလျမ်) စာပေနှင့်ယဉ်ကျေးမှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
သူ့ရဲ့ ရက်လည်ကိုတော့ မနေ့က အောက်တိုဘာ ၁ ရက်နေ့မှာ ဗန်းမောက်မြို့နယ်အနောက်ဘက်ခြမ်းဒေသမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆေဝင်းဗိုလ်က စေတနာ့ကျောင်းဆရာတစ်ဦးအဖြစ် ဗန်းမောက်မြို့နယ်အနောက်ဘက်ဒေသက စာသင်ကျောင်းမှာ သုံးနှစ်တိုင် အခမဲ့ပညာသင်ကြားပေးနေတ့ ဆရာတစ်ဦးဖြစ်တယ်လို့သိရပါတယ်။
ဒါ့အပြင် သူဟာ ရှမ်းနီစာပေကို သင်ကြားပေးနေတဲ့ ဆရာ(မောဆွမ်) တစ်ဦးလည်းဖြစ်သလို စာ/ယဉ်ကော်မတီဝင်တစ်ဦးဖြစ်တယ်လို့ ဆိုကြပါတယ်။
မံစီကြီးဒေသစိပ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီက စစ်ဘေးရှောင် ကူညီရေးအတွက် ဗန်းမောက်မြို့ တိုက်ပွဲစတင်ကတည်းက လုပ်ဆောင်မှုတွေရှိခဲ့ကြပြီး လက်ရှိမှာလည်း စစ်ဘေးရှောင်တွေရဲ့ နေထိုင်ရေးအတွက် ကူညီနေဆဲဖြစ်တယ်လို့သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ တိုးများလာနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သူတို့တွေက ပြောဆိုနေကြပါတယ်။
