
ဒီဇင်ဘာ ၁၀ ၊ ဖားကန့်
ဖားကန့်မြို့နယ်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့/ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)ထိန်းချုပ်တဲ့ မှော်ကျေးရွာများရဲ့ ကျောက်စိမ်းလုပ်ကွက်တွေဟာ ကန့်သတ်ခြယ်လှယ်မှုများခံနေကြရကြောင်း ဒေသခံများထံမှ သိရပါတယ်။
တာမခန်မြို့ အပါအဝင် ၊ဆိပ်မူကျေးရွာ၊ ဝှေခါကျေးရွာတွေနဲ့ ၎င်းတို့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မှော်တွေမှာ သာမန်အခြေခံတစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်သူများနဲ့ ရေမဆေးသမားများဟာ ကျောက်စိမ်းရှာဖွေဖို့ အခွင့်အရေးတွေနည်းပါးနေခြင်းနဲ့ ဖိနှိပ်ခံရမှုတွေကြုံနေရတယ်လို့ ဆိုကြပါတယ်။
‘လက်ရှိတူးဖော်နေတဲ့ ကုမ္မဏီငယ်လေးတွေကလည်း ကုမ္မဏီအမည်မပေါက်ဘူး ဒါပေမဲ့လည်း အရပ်သားတွေအပေါ်မှာနှိပ်ကွပ်ပြီး သူတို့ပဲ အချိန်တိုအတွင်း မှာ ကြီးပွားအောင်လုပ်နေတယ်ဆိုတဲ့ အနေအထားပေါ့ ကျွန်တော်တို့ ပြည်သူလူထုက သူတို့စွန့်ပစ်တဲ့ မြေစာပုံ တောင်အနားကပ်မခံတာ စွန့်ပစ်လိုက်တဲ့ မြေစာပုံတောင်မှခြံခတ်ပြီး ပစ်ထားတယ်’ ဟု တစ်နိုင်တစ်ပိုင်ကျောက်စိမ်းတူးဖော်နေသူတစ်ဦးက အခုလိုပြောပြပါတယ်။
အဆိုပါလက်နက်ကိုင်အဖွဲ့နဲ့ရင်းနှီးသိကျွမ်းတဲ့သူများသာ ကျောက်စိမ်းရှာဖွေခွင့်ရရှိပြီး ယခုနောက်ပိုင်းမှာ အမည်ပေါက်မရှိတဲ့ ကုမ္ပဏီအများအပြားရှိလာကာ အခြေခံလူတန်းစားကျောက်ရှာဖွေသူများအနေနဲ့ ကြပ်တည်းမှုတွေဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။
ကျောက်စိမ်းရှာဖွေခွင့်နဲ့တူးဖော်ခွင့် အခွန်တွေကိုလည်း အမဆမတန်ကောက်ခံနေပြီး ကျောက်စိမ်းထွက်အားနည်းပါးတဲ့နေရာတွေမှာ အနည်းဆုံးတစ်လလျှင်ကျပ်သိန်း(၂၀)အနိမ့်ဆုံးပေးဆောင်ရကြောင်း ဆိုကြပါတယ်။
ဒီထဲက ကျောက်စိမ်းကောင်းထွက်အားကောင်းမွန်တဲ့ ဝှေခါကျေးရွာလိုနေရာများမှာ တစ်လကျပ်သိန်းရာချီကောက်ခံပြီး ဒီဒေသတွေမှာတော့ ၎င်းတို့အဖွဲ့အစည်းနဲ့ဖက်စပ်ကုမ္ပဏီများသာ တူးဖော်ခွင့်ရရှိတာလည်းဖြစ်ပါတယ်။
‘အဆမတန်ပေးရတယ် မြေနေရာတွေက သူတို့အဖွဲ့အစည်းနဲ့ဘာမှမဆိုင်ပေမယ့် နေရာကောင်းရင်ကောင်းသလို ပိုက်ဆံအများကြီးပေးတူးရတယ် ဘယ်လိုမှကျောက်ထွက်အားမရှိဘူးထွက်အားနည်းတဲ့နေရာမျိုးဆို တစ်လသိန်း(၂၀)ပေးတူးရတယ် နည်းနည်းကျောက်ထွက်လည်းစိပ်တယ် ကျောက်လေးတွေနည်းနည်းပါတယ်ဆို အေ့လိုနေရာမျိုးဆို တစ်လသိန်း(၅၀) ဝှေခါလိုနေရာမျိုးဆိုရင်တော့ သိန်းကိုရာနဲ့ချီပေးရတယ် အေ့လိုမျိုးတွေ အခုဆိုတော်တော်လေးခက်ခဲကြပ်တည်းတဲ့သူတွေများသွားပြီ ၉၉ ရာခိုင်နှုန်းလောက်က ကြပ်တည်းနေကြပြီ သူတို့နဲ့ပါတနာတွေ အသိတွေလောက်ပဲအဆင်ပြေကြတာ ‘ဟု သူကပြောပြပါတယ်။
စားဝတ်နေရေးအတွက် အခြေခံရှာဖွေစားသောက်နေရတဲ့မိသားစုများမှာ ကုန်စျေးနူန်းကြီးမြှင့်မှုဒဏ်အပြင် အလုပ်အကိုင်ရှားပါးမှုဒဏ်တွေပါခံစားနေကြရတာလည်း ဖြစ်ပါတယ်။
ဖားကန့်မြို့နယ်ထဲက ဖားကန့်မြို့ပေါ်နဲ့ လုံးခင်းကျေးရွာတစ်ဝိုက်တွေကို စစ်ကော်မရှင်ကထိန်းချုပ်ထားတာဖြစ်ပြီး စစ်တပ်ဘက်မှ KIO/KIA ထိန်းချုပ်တဲ့ ကျောက်စိမ်းလုပ်ကွက်နဲ့ကျေးရွာတွေကို မကြာခနလက်နက်ကြီးပစ်ခတ်မှု၊ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။
