




မေ၁၆၊ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းကို စစ်ကောင်စီစစ်ကြောင်း ချီတက်နေပြီး တိုက်ပွဲများဖြစ်ပွားနေတာကြောင့် လမ်းကြောင်းတစ်လျှောက်ရှိကျေးရွာများက ဒေသခံတွေဟာ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ စစ်ဘေးတိမ်းရှောင်မှုများပြားလာနေကြောင်း သိရပါတယ်။
“ ဦးရေကတော့ အတိအကျတော့မသိသေးဘူး အခုကသူတို့အတွက်နေရာထိုင်ခင်းစီစဉ်နေရတာနဲ့ ဒါပေမယ့်လဝါးရွာရဲ့ သုံးပုံနှစ်ပုံကတော့ နမ္မတီးကိုရောက်နေတာတော့သေချာတယ် ဘေးနားပတ်ဝန်းကျင်ရွာတွေလည်းအကုန်ပါတယ်’ဟု စစ်ဘေးရှောင်များကို ကူညီနေသူ နမ္မတီးဒေသခံတစ်ဦးက ပြောပြပါတယ်။
မိုးကောင်းမြို့နယ်ကနေ ဖားကန့်မြို့သို့စစ်ကြောင်းချီတက်ရာလမ်းကြောင်းရှိ လဝါးကျေးရွာအပါအဝင် အနီးတစ်ဝိုက်ကျေးရွာတွေဖြစ်တဲ့ ဒွန်ဘုန်းခကျေးရွာ ၊မကောင်းတောင်ကျေးရွာတို့အပြင် ကျေးရွာအတော်များများကရှောင်တိမ်းနေကြတာဖြစ်ပြီး ခန့်မှန်းလူဦးရေ နှစ်ထောင်ကျော်ရှိနေကြောင်း သိရပါတယ်။
စစ်ဘေးရှောင်များနေထိုင်နိုင်ရန်အတွက် နမ္မတီးမြို့အတွင်းမှာပင် စစ်ရှောင်စခန်းသုံးခုနဲ့ အနီးကျေးရွာတွေမှာ နှစ်ခု တည်ဆောက်ထားပြီး ဝါအောင်စစ်ရှောင်စခန်း၊လမ်းခွစစ်ရှောင်စခန်း၊ နမ္မတီးစစ်ရှောင်စခန်းနဲ့ ဆီးတီးယန်စစ်ရှောင်စခန်း စတဲ့စုစုပေါင်း စခန်း(၅)ခုတည်ဆောက်ထားတယ်လို့ စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရပါတယ်။
“ ဘယ်အဖွဲ့မှလာတယ်လို့တော့မကြားသေးဘူးပေါ့နော် ဦးတို့ကယ်ဆယ်ရေးအဖွဲ့ကချင်ပြည်နယ်အဖွဲ့ကနေ မနေ့ကသွားကြည့်ပြီး စစ်ရှောင်စခန်းငါးခုမှာ လိုအပ်ချက်ရှိတဲ့ အများသုံးအိမ်သာအလုံး(၅၀)ဆောက်မယ်ပေါ့လေ’ဟု သူက ဆိုပါတယ်။
မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ကချင်ပြည်နယ်မြစ်ကြီးနား လူမှုကယ်ဆယ်ရေးအဖွဲ့က စစ်ရှောင်စခန်းငါးခုအတွက် ယင်လုံအိမ်သာများ၊ ရေတွင်းများ၊သွပ်များနဲ့ အခြားဆေးဝါးပစ္စည်းများကို ကူညီထောက်ပံ့သွားမှာလို့လည်း သိရပါတယ်။
စစ်ကောင်စီရဲ့ အင်းအားတစ်ထောင်ကျော်ခန့်ပါဝင်တဲ့စစ်ကြောင်းနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့များတို့ လမ်းပိုင်းထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ သုံးပတ်ကျော် ကြာမြင့်လာနေပြီလည်းဖြစ်ပါတယ်။
လက်ရှိ စစ်ကြောင်းဟာ နန့်ယားကျေးရွာအနီးကို ရောက်ရှိ အခြေချနေပြီး စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
“ အခြေအနေကတော့ သူတို့ဘက်ကကြားတာကတော့ KIA ကတော့ ကြိတ်မယ်ပေါ့ ဒါပေမယ့်လည်း မထင်ပါဘူး။ ဗျူဟာကို ရအောင်တိုက်ချင်တာပေါ့။ တိုက်ရင်သူတို့ (KIA) က နာမယ်ဆိုတာသိတော့ အချိန်နည်းနည်းဆွဲထားတာပေါ့”လို့ လက်ရှိ ဖားကန့်မြို့နယ်အတွင်းက စစ်ရေးအခြေအနေကို ဒေသခံတစ်ဦးပြောပါတယ်။
စစ်ကောင်စီပါ KIA+PDF ပူးပေါင်းတပ်တို့ နှစ်ဖက်လုံးဟာ မိုးတွင်းကာလရောက်ချိန်နီးပြီး ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းတွေ ရပ်နားချိန်နီးမှ နှစ်ဖက် စစ်ဆင်ရေးတွေ ဆောင်ရွက်လာတဲ့အပေါ် ဒေသခံတွေက ဝေဖန်ကြတာလည်းဖြစ်ပါတယ်။
