ဖားကန့်မြို့နယ်အတွင်း KIA ထိန်းချုပ်တဲ့ကျောက်စိမ်းမှော်တွေမှာစစ်သားစုဆောင်းရေးနေ့စဉ်ဆွဲနေ

ဆိပ်မူကျေးရွာအတွင်း လူသစ်စုဆောင်းရေးအတွက် သေနတ်ကိုင်ထားသူများက ကားဖြည့်လှည့်လည်ဖမ်းဆီးနေစဉ် / Screenshot in Video

အောက်တိုဘာ ၈ ၊ ဖားကန့် 

ဖားကန့်မြို့နယ်အတွင်းမှာ ကချင်လွတ်မြောက်ရေးတပ် KIA က သူတို့ရဲ့ထိန်းချုပ်နယ်မြေအတွင်းက လူငယ်တွေကို နေ့စဉ်နီးပါး စစ်သားစုဆောင်းရေးဆွဲနေတယ်လို့ ဒေသခံတွေကပြောဆိုနေကြပါတယ်။ 

သီတင်းကျွတ်ကာလအတွင်း KIA ထိန်းချုပ်ထားတဲ့ ဆိပ်မူကျေးရွာ ၊ မှော်ရှန် ကျေးရွာတွေမှာ သီတင်းကျွတ်ကာလအတွင်း ဘုန်းကြီးကျောင်းဝင်းထဲထိ စစ်သားစုဆောင်းမှုတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်သားစုဆောင်းရေးတွေကို နေ့ခင်းပိုင်းနဲ့  ညပိုင်းတွေမှာ  ပြုလုပ်နေပြီး လက်နက်ကိုင်ဆောင်ထားသူ တစ်စုက ကားတစ်စီးနဲ့ လှည့်ပတ်ပြီး လိုက်လံစုဆောင်းတာဖြစ်တယ်လို့ ဆိပ်မူဒေသခံတွေက ပြောပါတယ်။ 

ကားသုံးစီးနဲ့လှည့်ပြီးလိုက်ဖမ်းနေတာ၊မှော်ထဲကောအကုန်ပဲ၊မိန်းကလေးယောကျာ်းလေးမရွေးဘူးအကုန်ယူတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတွေရိုက်ကူးပြီး ပျံ့နှံလာတဲ့ စစ်သားစုဆောင်းတဲ့ ရုပ်သံဖိုင်တချို့မှာလည်း ဆိပ်မူကျေးရွာ နတ်ကြီးစင်အနီးမှာ အမျိုးသမီးနှစ်ဦးကို လက်နက်ကိုင်ဆောင်ထားသူတချိို့က ကားထဲအတင်းအဓမ္မဝင်ရောက်စေသည့် ရုပ်သံများပါဝင်ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့မှာ ဆိပ်မူကျေးရွာက ပြည်လုံးချမ်းသာ စေတီပုရဝုဏ်မှာ အမျိုးသား၊​အမျိုးသမီး လူငယ် ၈ ဦး စုဆောင်းရေးဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

ဖားကန့်မြို့နယ်အတွင်းက KIA ထိန်းချုပ်တဲ့ ကျေးရွာတွေဖြစ်တဲ့ ဟောင်ပါး၊တာမခံ၊ ဆိပ်မူ ၊ နမ့်မှော် ၊ စပေါ့ ၊ မှော်ရှန်ကျေးရွာတွေ အပြင် အင်းတော်ကြီးဒေသက ကျေးရွာတွေမှာလည်း စစ်သားစုဆောင်းရေးနေ့စဉ်နီးပါးရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ထဲမှာလည်း ဖားကန့်မြို့နယ်အတွင်းရှိ မှော်အနှံ့အပြားမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ စုဆောင်းရေးခေါ်ဆောင်ခြင်းခံရသူ လူဦးရေ(၁၅၀) နီးပါးရှိခဲ့တယ်လို့သိရပါတယ်။ 

စစ်သားစုဆောင်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေကြားဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *