
ဒီဇင်ဘာ ၅၊ ဖားကန့်
ဖားကန့်မြို့နယ်အတွင်း KIA က အခွန်ကောက်ခံနေပြီး မပေးဆောင်နိုင်တဲ့ဆိုင်များအနီး ပတ်ဝန်းကျင်မှာ အသံမိုင်းများဖြင့်ခြိမ်းခြောက်နေတယ်လို့ မြို့ပေါ်ဒေသခံများထံမှ သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့မှာ ဖားကန့်မြို့ပေါ်အတွင်းက ရွှေဟိန်းထက်စက်သုံးဆီဆိုင်အနီးမှာ ညနေ ၆ နာရီဝန်းကျင်က အသံမိုင်းကျရောက်ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
“ အခွန်ဆောင်ပြီးလို့ ဆောင်ပြီးကြောင်းပြန်ပေးတဲ့ပြေစာများမှာလည်း တကယ်ဆောင်လိုက်ရတဲ့ ငွေပမာဏ နဲ့ ပြေစာကမတူဘူး သူတို့ကို အခွန်မဆောင်ရင်လူသတ်တဲ့ အထိလည်းလုပ်ကြတယ်”လို့ ဖြစ်စဉ်ကို သိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီနှစ်ထဲမှာ KIA က အခွန်(ဆက်ကြေး)များကောက်ခံမှုတွေ ပိုစိတ်လာတယ်လို့ဆိုပါတယ်။
ဖားကန့်မြို့ နယ်အတွင်းရှိ စျေးဆိုင်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်း များတွင် KIA ကထိန်းချုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အဆမတန်အခွန်များ ကောက်ခံမှုတွေကြောင့် မပေးဆောင်နိုင်တဲ့သူများကို အသံမိုင်းခွဲ ခြိမ်းခြောက်မှု တွေနဲ့ ဖမ်းဆီးမှုတွေဟာ မကြာခဏဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း KIA တပ်ဖွဲ့ဝင်တစ်ဦးဟာ ဖားကန့်မြို့နယ် ယူမာကျေးရွာ၊ ရွှေကျောက်ဆောင် စတိုးလ်ဆိုင်အနီးမှာ သေနတ်နဲ့ပစ်ခံထားရတာဖြစ်ပြီး လည်ပင်းကျည်ဖောက်ထွက်ဒဏ်ရာနဲ့သေဆုံးနေတယ်လို့ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ KIA က ဆိပ်မူကျေးရွာအုပ်စုအထိ ထိန်းချုပ်ထားပြီး မှော်စီဇာကျေးရွာမှ ဖားကန့် ၊ လုံးခင်း အထိ စစ်တပ်က ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။
တိုက်ပွဲကြီးကြီးမားမားလက်ရှိအချိန်ထိမဖြစ်သေးပေမယ့် လက်နက်ကိုင်တပ်ဖွဲ့တွေကြား ဒရုန်းနဲ့ ထောက်လှမ်းပစ်ခတ်တာ ၊ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှုတွေက ရှိနေဆဲဖြစ်တယ်လို့သိရပါတယ် ။
