






ဩဂုတ် ၁ ၊ ဗန်းမောက်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့ပေါ်ရှိ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံမှာ SNA တပ်မဟာ ၆၁၄ နဲ့ မြို့နယ်ဆေးရုံတို့ပူးပေါင်းပြီး မိခင်နဲ့ကလေးတွေအတွက် ကာကွယ်ဆေးကို ဒီနေ့ ဩဂုတ်လ ၁ ရက်နေ့မနက်ပိုင်းကထိုးနှံခဲ့တယ်လို့သိရပါတယ်။
ထိုးနှံတဲ့ စာရင်းထဲမှာ ကလေးနဲ့မိခင်တွေအတွက် ကာကွယ်ဆေး ၁၅ မျိုးပါဝင်ပြီး အမျိုးသမီးငယ်တွေအတွက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလည်းထိုးနှံပေးတယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းက ကလေးနဲ့ မိခင် တွေဟာ ကာကွယ်ဆေးပြတ်လပ်နေတာ အာဏာသိမ်းပြီး နောက် ၂၀၂၂ ခုနှစ်ကတည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်လည်ကစလို့ ဆေးပြန်ရရှိကာထိုးနှံခဲ့ကြရတာလို့ သိရပါတယ်။
“ လူထုတွေကတော့ ထိုးချင်ကြတယ်။ အခုအလုအယက်ကိုလာထိုးကြတယ်။ ဆေးပြတ်မှစိုးလို့ကိုး။ ပထမရက်မှာတင် လာထိုးကြတယ်။ နောက်ရက်တောင်မစောင့်တော့ဘူးလေ။ အင်းတော်ဘက်က ရွာသာယာတို့ ၊ မော်တိတ်တို့ ၊ မြသီတာတို့ အဲ့ဒီဘက်ကလည်း လာကြတယ်။အင်းတော်ဘက်ကလည်း မထိုးတော့လေ၊ ဒီဘက်ဘဲလာထိုးကြတယ်၊ ကသာဘက်ကတောင် ဒီကိုလာထိုးကြတယ်” လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
ကာကွယ်ဆေးတွေကို ၂၀၂၁ ခုနှစ်အစပိုင်းမှာ ဗန်းမောက်မြို့ခံတွေက အင်းတော် သို့မဟုတ် ကသာမြို့နယ်တွေမှာ သွားရောက်ထိုးနှံခဲ့ကြရပြီး တိုက်ပွဲတွေကြောင့် ၂၀၂၂ ခုနှစ်ကစလို့ ကာကွယ်ဆေးထိုးနှံမှုတွေရပ်တန့်သွားခဲ့ရတာလည်းဖြစ်ပါတယ်။
အဲ့သလိုအခြေအနေတွေကြောင့် ကာကွယ်ဆေးမထိုးနှံရတဲ့ ကလေးငယ်များစွာရှိနေပြီး တချို့လည်း ထိုးရမယ့်အချိန်တွေကျော်လွန်နေကာ အခုမှပြန်လည်ထိုးနှံရတာတွေလည်းရှိတယ်လို့ ကျန်းမာရေးပရဟိတလုပ်ကိုင်တဲ့ ရှမ်းနီလူငယ်တွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ နယ်လှည့်ကာကွယ်ဆေးထိုးနှံမှုနဲ့ ကျေးလက်ကျန်းမာရေးစနစ်တွေ ပြတ်တောက်သွားပြီးနောက် ကာကွယ်ဆေးရရှိထိုးနှံမှုတွေလည်း ရပ်တန့်ခဲ့ရတာဖြစ်ပါတယ်။