အရေးပေါ်အခြေအနေကြေညာတဲ့ မြို့နယ် ၆၃ မြို့နယ်ကို တော်လှန်ရေးအင်အားစုများထိန်းချုပ်ထား 

ဩဂုတ် ၁ ၊ မန္တလေး 

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီက က မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေတစ်ရပ်ကြေညာလိုက်ပြီး ထိုမြို့နယ််အားလုံးသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားတာဖြစ်တယ်လို့သိရပါတယ်။ 

ကချင်ပြည်နယ် ၅ မြို့နယ်၊ စစ်ကိုင်းတိုင်း ၉ မြို့နယ်၊ ရှမ်းပြည်နယ် ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ ကရင်နီ(ကယား)ပြည်နယ် ၃ မြို့နယ်၊ မန္တလေးတိုင်း ၃ မြို့နယ် ကရင်ပြည်နယ် ၂ မြို့နယ်နဲ့မကွေးတိုင်း ၅ မြို့နယ် စုစုပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာပါ။

ကချင်ပြည်နယ််က အရေးပေါ်အခြေအနေကြေညာတဲ့ မြို့နယ် ၅ ခုထဲက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ မြို့တို့ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရှမ်းပြည်နယ်က မြို့နယ် ၁၅ မြို့နယ်ကို တိုင်းရင်းသားလက်နက်ကိုင်တပ်အသီးက သိမ်းပိုက်ထားတာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်းက ပင်လည်ဘူးနဲ့ အင်းတော်မြို့နယ်ဟာလည်း NUG အမှတ် ၁ စစ်ဒေသ ၊ KIA ၊  PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် နဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ သိမ်းပိုက်ထားတာဖြစ်ပါတယ်။ 

ခင်ဦး၊ဝက်လက်၊ ဒီပဲယင်း ၊ ကနီ၊ ပုလဲ၊ ကောလင်း ၊ ထီးချိုင့်မြို့နယ်တွေမှာလည်း မြို့ပေါ်ရပ်ကွက်တချို့သာ စစ်ကောင်စီတပ်တွေထိန်းချုပ်ထားပြီး ကျေးလက်ဒေသအားလုံးကိုတော့ PDF တပ်ဖွဲ့တွေက ထိန်းချုပ်စိုးမိုးထားတာဖြစ်ပါတယ်။ 

အရေးပေါ်အခြေအနေကြေညာထားတဲ့မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးနဲ့  လက်နက်ကိုင် အကြမ်းဖက်မှု ချုပ်ငြိမ်းအောင်နဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတွေကို ရက်ပေါင်း ၉၀ အတွင်း လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။ 

၂၀၂၁ ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လထိ တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာထားတဲ့မြို့နယ် ၅၇ မြို့ရှိခဲ့ပြီး ကာလုံက အာဏာပြန်ယူပြီးနောက် တိုင်းနဲ့ပြည်နယ် ၉ခုမှာ စစ်အုပ်ချုပ်ရေးမြို့နယ် ၆၃ မြို့နယ်အထိရှိလာခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *