


ဇွန် ၁၁ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း ၂၀၀ ကျော်ရှိတဲ့ထဲမှာ ကျောင်း ၅၀ ကျော်သာ အခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ဖွင့်လှစ်နိုင်တယ်လို့ စုံစမ်းသိရှိရပါတယ်။
ကျောင်းဖွင့်နိုင်တဲ့ အခြေအနေတွေက ရှမ်းနီအမျိုးသားများတပ်မတော် SNA ထိန်းချုပ်တဲ့ နယ်မြေမှာ စာသင်ကျောင်း ၅၀ ကျော်နဲ့ ဗန်းမောက်မြို့ပေါ်က အထက်တန်းကျောင်း ၊ အလယ်တန်းကျောင်းများဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
“တစ်မြို့နယ်လုံးကတော့ ဖွင့်နိုင်ခြေမရှိဘူးဗျ ။ ကျနော်တို့ဒီဘက်က SNA စိုးမိုးတဲ့နယ်မြေဖြစ်တဲ့ ဒီ ဗန်းမောက်အနောက်ခြမ်း မံစီကြီးဒေသစိတ်နဲ့ မံစီကြီးဒေသအတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းများရယ် နောက် ပင်ပံအုပ်စုရယ် ဒီဘက်ခြမ်းရှိမယ် နောက်မြို့ပေါ် နှစ်ကျောင်း သုံးကျောင်းရယ် အဲ့လောက်ပဲ ဖွင့်လှစ်နိုင်သေးတယ် အကုန်လုံးမဖွင့်နိုင်သေးဘူးလို့ ပညာရေးဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
စာရင်းတွေအရ မံစီကြီးဒေသစိတ်မှာ စာသင်ကျောင်း ၃၆ ကျောင်း၊ ပင်ပုံကျေးရွာအုပ်စုမှာ ၁၀ ကျောင်း ၊ မြို့ပေါ်ရှိ စာသင်ကျောင်းအားလုံးနီးပါး ဖွင့်လှစ်တယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ပေမယ့် စာအုပ်များ နှင့် စာသင်ကျောင်းတွေမှာ သင်ကြားပေးမယ့် ဆရာ/မအခက်အခဲတွေနဲ့ ကြုံရတယ်လို့လည်း ကျောင်းကော်မတီတွေက ဆိုပါတယ်။
” ဗန်းမောက်မြို့နယ်ဘက်ကလည်း အဲ့လိုပါဘဲ ပုံနှိပ်စာအုပ်က မရတာ ကျနော်တို့ ဒီစတင်ဖွင့်လှစ်တဲ့နှစ်ပေါ့နော် ပဋိပက္ခ ဖြစ်ပြီးတော့နောက်ပိုင်း ပုံနှိပ်စာအုပ်လုံးဝ မရပါဘူး။ အခုကကျနော်တို့မိဘကလည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ ဝယ်ကြတယ်။ နောက်မဝယ်နိုင်တဲ့ သူကျတော့ ကျောင်းမှာပေါ့ လက်ရှိနေတဲ့စာအုပ်ကို လက်ဆင့်ကမ်းစနစ်ဖြင့် အသုံးပြုဖို့ ညွှန်ကြားပြီးလုပ်လိုက်ရပါတယ်။ အခမဲ့ပေးတဲ့ပုံနှိပ်စာအုပ်လည်း မရှိသေးပါဘူး” လို့ သူကပြောပါတယ်။
ဗန်းမောက်မြို့နယ်အတွင်းမှာ ၂၀၂၂ ခုနှစ်အထိ အခြေခံပညာကျောင်း (၂၈၆)ကျောင်းရှိပြီး နှစ်စဉ် မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသား နှစ်သောင်းခုနှစ်ထောင်ကျော် နှစ်စဉ်ပညာသင်ကြားတာလည်းဖြစ်ပါတယ်။
ကျောင်းသုံးပုံနှိပ်စာအုပ်တွေကို အခမဲ့ဖြန့်ဝေပေမယ့် စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အတွင်းက ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာ ပုံနှိပ်စာအုပ်မရရှိတဲ့ပြဿနာတွေက ၂၀၂၁ ခုနှစ်ကစလို့ နှစ်စဉ်ဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း အခမဲ့ဖြန့်ဝေပေးရမယ့် စာအုပ်များ၊ ကျောင်းဝတ်စုံနဲ့ ဗလာစာအုပ်များကို ကျောင်းတွေဆီရောက်အောင် ၂၀၂၂ ခုနှစ်နောက်ပိုင်းကတည်းက လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း ကျောင်းကော်မတီတွေက ဝေဖန်ထားကြပါတယ်။