ဗိုလ်နဂါးရဲ့တပ်စခန်းများ ကို NUG လက်အောက်ရှိ PDF များဝင်ရောက်တိုက်ခိုက်နေ 

ဗိုလ်နဂါး၏ BNRA တပ်ဖွဲ့များကို ၂၀၂၄ ခုနှစ်တွင် တွေ့ရစဉ်/ Credit

ဖေဖော်ဝါ၇ီ (၁၇) ၊ ပုလဲ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အတွင်းက ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့ရဲ့ တပ်စခန်းတွေကို NUG လက်အောက်ရှိ (PDF) တပ်ဖွဲ့တွေက ဒီနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

“ ဒီနေ့နံနက်( ၇) နာရီခွဲမှစ BNRA ဂိတ်စခန်းများအား လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးများဖြင့်ပါ လာရောက်တိုက်ခိုက်နေပြီဖြစ်ပါသည်” လို့ ဗိုလ်နဂါးရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။ 

NUG ရဲ့ တပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တာ ၊ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေကိုပြုလုပ်ခဲ့တယ်လို့ ဗိုလ်နဂါးက ပြောဆိုထားပါတယ်။

ဗိုလ်နဂါးတပ်ဖွဲ့ရဲ့ တပ်စခန်းအပြင် သူတို့နဲ့ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ Generation – Z Army (GZA) ရဲ့ တပ်စခန်းတွေကိုပါ ဝင်ရောက်တိုက်ခိုက်မှုတွေရှိနေကြောင်း ဆိုပါတယ်။ 

လက်ရှိအချိန်ထိ  တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေသလို ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ 

တိုက်ပွဲမဖြစ်ပွားခင် တစ်ရက်အလိုမှာ  BNRA ရဲ့ ဂိတ်စခန်းအနီးရှိ တပ်စခန်းနေရာတွေက ယင်းမာပင်ခရိုင်တပ်ရင်းတွေအပါအဝင် တခြားဒေသက တပ်ရင်းတွေလည်း တပ်အင်အားဖြန့်ကျက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

တပ်ဖြန့်ကျက်ထားတာတွေကို MOD အနေနဲ့ ပြန်လည်ရုပ်သိမ်းဖို့ ၊ လက်နက်ကိုင်ပဋိပက္ခကို ရှောင်ကြည်ဖို့အတွက်( NUG )ကိုတိုက်တွန်းကြောင်း BNRA ရဲ့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပုလဲနယ်ထဲက BNRA နဲ့ NUG /PDF တပ်တို့ကြားက တိုက်ပွဲနဲ့ပတ်သက်ပြီးတော့ NUG က တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ 

BNRA နဲ့ NUG တို့ကြားမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း တပ်စခန်းတွေကို အပြန်အလှန်ဝင်ရောက်စီးနင်းမှုတွေရှိခဲ့ပြီး တိုက်ပွဲအနည်းငယ်ဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *