
ဩဂုတ် ၂၀ ၊ မိုးကုတ်
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးပြုလုပ်လာတဲ့အတွက် ဒေသခံအများစုဟာ အခုရက်ပိုင်းမှာ တိမ်းရှောင်မှုတွေများပြားလာနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မိုးကုတ်မြို့ကို ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ ၁၉ ရက်နေ့အထိ နေ့စဉ် ကင်းထောက်လေယာဉ်ပျံဝဲနေတာနဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
ထိုသို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိနေတာလည်းဖြစ်ပါတယ်။
“ မသွားလို့မရတော့ဘူး။လမ်းမပိတ်ခင်ထွက်မှ မနှစ်ကလိုဖြစ်ရင် ဒုက္ခတော်တော်ရောက်တယ်။ အခြေအနေတွေက ဘာမှပြောလို့မရတော့ဘူး။ လေယာဉ်က နေ့တိုင်းလာချနေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ မိုးကုတ်မြို့ကနေ မန္တလေး နဲ့ ရှမ်းပြည်တောင်ပိုင်း ဒေသဘက်ကို အဓိက စစ်ဘေးတိမ်းရှောင်ကြတယ်လို့ သိရပါတယ်။
မိုးကုတ်မှ မန္တလေးသို့ စစ်ဘေးတိမ်းရှောင်သူတွေဟာလည်း လမ်းခရီးစရိတ်ကြီးမြှင့်မှုနဲ့ကြုံနေရပြီး ခရီးသည်တစ်ဦးကို ကျပ် ၅ သိန်းပေးရတယ်လို့ စစ်ဘေးတိမ်းရှောင်လာသူတွေထံကနေ သိရပါတယ်။
“ ကားတွေက ခရီးသည်တွေကိုပဲ အဓိကတင်တော့တယ်။ သွားမယ့်သူတွေကများတော့ ကားတွေက မလောက်ငှဘူး။ ကားသမားတွေကလည်း ဒီနေ့ဆင်း မနက်ဖြန်ပြန်တက်လာကြို အဲ့လိုပဲလုပ်နေကြရတာ။ အဓိကတော့ မန္တလေးနဲ့ တောင်ကြီးဘက်ကိုသွားရှောင်ကြတယ် ၊စျေးတွေကတော့ ကြီးတာပေါ့၊တစ်ယောက်ကို ငါးသိန်း ၆ သိန်း အဲ့ကနေ စရှိတယ် ” လို့ စစ်မရှောင်ဘဲ ကျန်ရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ဘေးတိမ်းရှောင်ရာမှာလည်း လမ်းပိုင်းစစ်ဆေးမှု ၊ လမ်းပိတ်ဆို့မှုတွေ ကြောင့် ကြန့်ကြာမှုတွေရှိနေတယ်လို့သိရပါတယ်။
မိုးကုတ်မြို့ပေါ်မှာ နေထိုင်သူ တစ်သိန်းနီးပါးရှိပြီး လက်ရှိမှာတော့ ကလေးသူငယ်၊ အမျိုးသမီးတွေ နဲ့ သက်ကြီးရွယ်အိုတွေက အဓိကထား စစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။