အင်းတော်ကြီးဒေသ မမုန်ကိုင်နှင့် မိုင်းနောင်တွင် SNA က ထိန်းချုပ်ထားဆဲလို့ဆို 

ဩဂုတ် ၁၉ ၊ အင်းတော်ကြီး 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုန်ကိုင်နှင့် မိုင်းနောင်ကျေးရွာကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ် KIA နှင့် PDF ပူးပေါင်းတပ်တွေက ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့်လည်း SNA ရဲ့ ကျားဖြူစစ်ကြောင်းက  ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ကာကင်းအပါအဝင် စခန်းတွေအားလုံးကို SNA က ပြန်ရထားတယ်။  ကာကင်းတွေအားလုံးကိုလည်း  သူတို့ (KIA+PDF) တွေ ပြန်ဆုတ်သွားတယ်။ အခုတိုက်ပွဲ အနည်းအကျဉ်းလေး ပစ်တာတွေရှိသေးတယ်” လို့ ဒေသခံ ရပ်မိရပ်ဖတစ်ဦးက ပြောပြပါတယ်။ 

ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းကစလို့ ကျားဖြူစစ်ကြောင်းရဲ့ ကာကင်းစခန်းတချို့ကို KIA+PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရှိခဲ့ပေမယ့် နေ့တွင်းချင်းမှာပဲ ပြန်လည် လက်လွတ်လိုက်ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

“  မိုင်းနောင်ရွာထဲမှာတော့ မနေဘူး ။ မိုင်းနောင်ဗိုလ်တဲကုန်းရပ်ကွက် အထွက်ဘက်က ဘုရားကုန်း ၊ သာယာတောသုဿန်ရယ်၊  ၊ တယ်လီနော်တာဝါတိုင်မိုင်းနောင် နဲ့ မမုန်ကိုင်ရွာကြားမှာဖြစ်နေတယ်၊ အဲ့မှာ သူတို့ (KIA) ဘက်က အင်အား နှစ်ရာနဲ့လာတိုက်တာ” လို့ မိုင်းနောင်ရွာသားတစ်ဦးက ပြောပါတယ်။ 

ဒေသခံတွေရဲ့ပြောဆိုမှုအရ ဒီနေ့ဩဂုတ်လ ၁၉ ရက်နေ့မှာ  တိုက်ပွဲတွေဟာ ငြိမ်သက်သွားပြီး  လက်နက်ကြီးပစ်ခတ်သံတချို့သာ ကြားရတော့တယ်လို့ဆိုပါတယ်။ 

မမုန်ကိုင်နှင့် မိုင်းနောင်ကျေးရွာတွေကို SNA ကျားဖြူစစ်ကြောင်းက ဇူလိုင်လ ၁၆ ရက်နေ့မှာ ထိန်းချုပ်စိုးမိုးခဲ့တာဖြစ်ပြီး တစ်လအကြာမှာပဲ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ 

အင်းတော်ကြီးဒေသရဲ့ နန့်မွန်း၊ မိုင်းနောင် ၊ မမုန်ကိုင်ကျေးရွာတွေကို SNA ကျားဖြူစစ်ကြောင်းက ထိန်းချုပ်ထားပြီး ၊ လုံးတုံ ၊ ဆနွင်းကုန်း၊ အင်းသာ၊ ဟဲပုကျေးရွာတွေကို စစ်ကောင်စီတပ် နှင့် ပြည်သူ့စစ်က ထိန်းချုပ်ထားကာ   အရှေ့ကမ်း၊ အနောက်ကမ်းတစ်ခြမ်းနှင့် အင်းမြှီးဒေသအားလုံးကို KIA+PDF ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်ကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *